နားရွက်မှာ ပတ်တီးစည်းပြီး လူမြင်ကွင်းကို သမ္မတလောင်း ထရန့် ပြန်ထွက်

Author အဂ္ဂ
Categories
Published on Jul 16, 2024

မဲဆွယ်ပွဲမှာ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခံရချိန် ရခဲ့တဲ့ နားရွက်ရှပ်ထိဒဏ်ရာကို ပတ်တီးစည်းပြီး ရီပတ်ဘလစ်ကန်ပါတီရဲ့ တရားဝင် သမ္မတလောင်း ဒေါ်နယ် ထရန့် လူမြင်ကွင်းကို ပြန်ထွက်လာပါတယ်။

 

အမေရိကန်ပြည်ထောင်စု၊ မီလ်ဝါကီမြို့မှာ မနေ့ ဇူလိုင် ၁၅ ရက်နေ့က ကျင်းပတဲ့ ရီပတ်ဘလီကန်ပါတီ ညီလာခံကို နားရွက်မှာ ပတ်တီးစည်းထားလျက် တက်ရောက်လာခဲ့တာပါ။

 

ပြီးခဲ့တဲ့ တနင်္ဂနွေ ဇူလိုင် ၁၄ ရက်က လုပ်ကြံခံရအပြီး လူရှေ့ကို ပထမဆုံးအကြိမ် ပြန်ထွက်လာတဲ့ သမ္မတဟောင်းကို လူထုက သူရဲကောင်းတစ်ဦးလို သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။

 

ဒေါ်နယ်ထရန့်ကလည်း သူ့ကို ကြိုဆိုနှုတ်ဆက်သူတွေကို လက်ဝှေ့ယမ်းပြီး နှုတ်ဆက်ခဲ့သလို သူ့ကို ထောက်ခံအားပေးသူတွေကလည်း မတ်တပ်ရပ်ကာ တစ်ခဲနက် လက်ခုပ်ဩဘာပေးပြီး ကြွေးကြော်အော်ဟစ်ရင်း ကြိုဆိုခဲ့ကြပါတယ်။

 

အသက် ၇၈ နှစ်အရွယ် ထရန့်ကတော့ ကျယ်လောင်တဲ့ လက်ခုပ်သံတွေနဲ့အတူ “USA, USA” လို့ ကြွေးကြော်အော်ဟစ်နေကြတဲ့ လူထုကြီးနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာမှတ်ချက်ပြုခဲ့တာမျိုးတော့ မရှိပါဘူး။ အမျိုးသားညီလာခံမှာ ထရန့်ဟာ အသစ်ကြေညာလိုက်တဲ့ သူ့ရဲ့ ဒုတိယ သမ္မတလောင်းဖြစ်သူ အထက်လွှတ်တော် အမတ် ဂျေဒီဗန့်စ် (J.D. Vance)နဲ့အတူ ယှဉ်တွဲရပ်နေခဲ့ပြီး နွေးထွေးတဲ့ ကြိုဆိုမှုမှာ လိုက်ပါစီးမျောနေခဲ့ပါတယ်။

 

အဆိုပါ ညီလာခံမှာ ထရန့်ဟာ အောက်လွှတ်တော် ရီပတ်ဘလီကန်အမတ် ဘိုင်ရွန်ဒေါ်နယ် (Byron Donalds) နဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင် (Mike Johnson)တို့ပါ၀င်တဲ့ အထူးတန်း VIP နေရာထဲမှာ Vance ရဲ့ ဘေးမှာ ထိုင်ခဲ့တာလည်းဖြစ်ပါတယ်။

 

တက်ရောက်လာတဲ့ ဧည့်သည်တွေနဲ့ အခြားသူတွေက ညီလာခံ စင်ပေါ်တက်မိန့်ခွန်းပြောကြားရင်း သူတို့ရဲ့ ခေါင်းဆောင်ဖြစ်သူကို ကျေးဇူးတင်ကြောင်း၊ လုပ်ကြံသတ်ဖြတ်မှုက အသက်ရှင်လာခဲ့မှုကို ချီးကျူး ဂုဏ်ပြုစကားဆိုကြတဲ့အခါမှာတော့ အပြာရောင်ဝတ်စုံနဲ့ သူ့ရဲ့အမှတ်အသားဖြစ်တဲ့ အနီရောင်နက်တိုင်တို့ကို ဝတ်ဆင်လာတဲ့ ထရန့်ဟာ ပြုံးပြုံးကြီးနဲ့ ပြန်လည်ချီးကျူးဂုဏ်ပြုပြီး တုံ့ပြန်ခဲ့ပါတယ်။

 

ဇူလိုင် ၁၅ ရက်နေ့ အနေ့က ကျင်းပခဲ့ကြတဲ့ ရီပတ်ဘလီကန်ပါတီ ညီလာခံမှာ အသက် (၇၈) နှစ်ရွယ် ဒေါ်နယ်ထရန့်ကို သမ္မတလောင်းအဖြစ်တရားဝင်ရွေးချယ်ခဲ့သလို အသက် (၃၉) နှစ်အရွယ် အိုဟိုင်းယိုး ပြည်နယ် အထက်လွှတ်တော်အမတ် ဂျေဒီဗန့်စ် (J.D. Vance) ကိုတော့ ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

 

ထရန့်ဟာ နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ လက်ရှိသမ္မတဂျိုးဘိုင်ဒင်ကို ယှဉ်ပြိုင်မယ့် ရီပတ်ဘလီကန်ရဲ့ သမ္မတလောင်းအဖြစ် လာမယ့်ကြာသပတေးနေ့မှာ တရားဝင်လက်ခံသွားမှာလည်းဖြစ်ပါတယ်။

 

 

 

ဓာတ်ပုံ – AFP

 

ကိုးကား- NDTV World