မင်းအောင်လှိုင်ရဲ့ လူယုံတော် စစ်ထောက်ချုပ် ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်း ရာထူးက ထုတ်ပယ်ခံရဟုဆို

Author စကားဝါ
Categories
Published on Jul 14, 2024

စစ်ကောင်စီရဲ့ တပ်မတော်(ကြည်း) စစ်ထောက်ချုပ် ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ ဇူလိုင်လ ၁၄ရက်နေ့ ညနေပိုင်းမှ ရာထူးကနေ ထုတ်ပယ်ခဲ့တယ်လို့ CJ Platform ရဲ့ တပ်တွင်း သတင်းရင်းမြစ်က သတင်းပေးပို့လာပါတယ်။

 

“ကျော်စွာလင်းကို ထုတ်လိုက်ပြီ သူ့သားရဲ့ မူးယစ်ဆေးပြသနာကြောင့်လည်း ပါမယ်၊ သူက တပ်မှာ မင်းသားလေ၊ မင်းအောင်လှိုင်ရဲ့ လူယုံ”လို့ CJ Platform ရဲ့ တပ်တွင်း သတင်းရင်းမြစ်က ဆိုပါတယ်။

 

ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ရာထူးကနေ ထုတ်ပယ်တာနဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

 

အခုနှစ် ဇန်နဝါရီလအတွင်းက ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းရဲ့ သားဖြစ်သူ ကိုအုပ်စိုးခန့်ဟာ နေပြည်တော်စစ်ရုံးအတွင်းကို မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတာကို ဖမ်းဆီးရမိခဲ့ပြီး ဒီသတင်းကို မပျံ့နှံ့ဖို့အရေး သူက သတင်းအမှောင်ချမှုတွေ လုပ်ဆောင်ခဲ့ဖူးတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။

 

ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းဟာ စစ်တက္ကသိုလ် အပတ်စဉ် (၃၅) ဆင်းတစ်ဦးဖြစ်ပြီး ၂၀၁၇ ခုနှစ် ရိုဟင်ဂျာ အရေးမှာ ရိုဟင်ဂျာတွေကို မျိုးသုဉ်းသတ်ဖြတ်ဖို့အတွက် အမိန့်ပေးခဲ့သူတွေထဲမှာ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

 

သူ့ကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒုတပ်ချုပ် ရာထူးကိုပါ ပေးဖို့အထိ ရည်ရွယ်ထားခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။

 

“ဒုချုပ်စိုးဝင်းကို ထုတ်ပြီးတော့ သူ့ကို ဒုချုပ်နေရာပေးမယ်ဆိုပြီးတော့တောင် သတင်းထွက်ဖူးတာ၊ အခုက တပ်ချုပ်က ထုတ်တယ်ဆိုပြီး သတင်းကြားပေမယ့် ဒုချုပ်စိုးဝင်းက သူ့ကို ထုတ်လိုက်တာလည်း ဖြစ်နိုင်တယ်၊ အကွဲအပြဲတွေက ဖြစ်နေတာသေချာတယ်”လို့ CJ Platform ရဲ့ တပ်တွင်း သတင်းရင်းမြစ်က ဆိုပါတယ်။

 

ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း ထုတ်ပယ်ခံရတာနဲ့ ပတ်သက်ပြီး အသေးစိတ် အတည်ပြုချက်တွေ ရရှိနိုင်ဖို့ CJ Platform အနေနဲ့ စစ်ထောက်ချုပ်ရုံးနဲ့ သတင်းအရင်းမြစ်တွေကို ထပ်မံဆက်သွယ်မေးမြန်းနေပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်