တောင်ဒဂုံနဲ့ ဒဂုံဆိပ်ကမ်းက ရပ်ကွက်တချို့မှာ စစ်မှုထမ်းသူတွေကို ထောက်ပံ့ဖို့ဆိုကာ တစ်အိမ်ကို သုံးသောင်းခွဲကောက်

Author ကိုထက်
Categories
Published on Jul 14, 2024

ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်နဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တွေရဲ့ ရပ်ကွက်တချို့မှာ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းသူတွေကို ထောက်ပံ့ဖို့ဆိုပြီး အိမ်ထောင်စု တစ်စုတိုင်းကို လစဉ် ငွေကျပ် သုံးသောင်းခွဲစီ ကောက်ခံနေတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။

 

ဒဂုံဆိပ်ကမ်းမြို့နယ် ၈၆ရပ်ကွက်နဲ့ တောင်ဒဂုံမြို့နယ် ၁၄၆ရပ်ကွက်တွေမှာ အိမ်ထောင်စုတိုင်းကို လစဉ်ကောက်ခံတာဖြစ်တယ်လို့ အဲဒီရပ်ကွက်နေသူတွေက ပြောပါတယ်။

 

“အိမ်ထောင်စုတိုင်းကောက်တာ။ တစ်အိမ်ကို ၃၅၀၀၀၊ စစ်မှုထမ်းသင်တန်းပါသွားတဲ့သူတွေ၊ တချို့လည်းရှေ့တန်းလွှတ်မယ်လို့ကြားတယ်။ အဲဒီလူတွေကိုထောက်ပံ့ဖို့လို့ပြောပြီး အုပ်ကြီးကိုယ်တိုင် ကောက်တာ”လို့ ဒဂုံဆိပ်ကမ်းမြို့နယ် ၈၆ရပ်ကွက်နေသူတစ်ဦးက ‌ပြောပါတယ်။

 

ဒါ့အပြင် တောင်ဒဂုံ ၁၄၆ရပ်ကွက်မှာလည်း ငွေကြေးကောက်ခံတာမထည့်တဲ့ အိမ်ကို ပျူစောထီးအဖွဲ့နဲ့ ပြသာနာရှာ ခြိမ်းခြောက်တောင်းရမ်းခိုင်းတာတွေရှိတယ်လို့လည်း အဲဒီရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

 

“မပေးလို့မရဘူး၊ အတင်းလုပ်တာ။ မပေးတဲ့အိမ်ဆို သိမ်းငှက်အဖွဲ့တဲ့ ပျူစောထီးအဖွဲ့ဗျာ၊ လူမိုက်တွေနဲ့ပဲဖွဲ့ထားတာ။ တုတ်တွေ ဓားတွေကိုင်ပြီးနေတာ။ အဲဒီအဖွဲ့နဲ့ ပြသာနာရှာခိုင်းတာတွေ၊ ခြိမ်းခြောက်တာတွေလုပ်ပြီး ပိုက်ဆံကိုမရမကတောင်းတာ။ ကောက်တာက ၃၅၀၀၀ပဲ”လို့ ၎င်းက ပြောပါတယ်။

 

ရန်ကုန်မှာ စစ်မှုထမ်းစာရင်းကောက်တာကို အကြောင်းပြပြီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ခြိမ်းခြောက်ငွေတောင်းတာတွေ လုပ်နေတာပါ။

 

အခုလပိုင်းတွေမှာလည်း အပတ်စဉ် ၃အတွက် လူသစ်စုဆောင်းတာတွေ လုပ်နေသလို၊ စာရင်းပါတဲ့လူငယ်တွေကိုလည်း အိမ်ပေါ်အထိ လာရောက်အဓမ္မခေါ်ဆောင်တာတွေလည်း လုပ်နေပါတယ်။

 

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ထိ အမျိုးသားတိုင်း၊ အသက် ၁၈ ကနေ ၂၇ နှစ်ထိ အမျိုးသမီးတိုင်း၊ အသက်မွေးဝမ်းကျောင်းပညာတခုခုနဲ့ အသက်မွေးဝမ်းကျောင်းနေတဲ့ အမျိုးသားတွေဆိုရင် ၄၅ နှစ်ထိနဲ့ အမျိုးသမီးဆိုရင် ၃၅ နှစ်ထိ စစ်မှုထမ်းဖို့အကျုံးဝင်ပြီး စစ်မှုထမ်းရစစ်မှုထမ်းဖို့ ဆင့်ခေါ်ချိန်မှာ တာဝန်ပျက်ကွက်တယ်ဆိုရင်တော့ ထောင်ဒဏ်ငါးနှစ်အထိ ပြစ်ဒဏ် ချမှတ်နိုင်ပါတယ်။

 

ဓာတ်ပုံ – pro-SAC

 

ပုံစာ – စစ်မှုထမ်းဥပေဒဖြင့် ဆင့်ခေါ်ထားသည့် လူငယ်များကို မြင်ရပုံ