မလေးရှားမှာ အနှိပ်ခန်း ဝင်စီးခံရပြီးနောက် မြန်မာ ၅၀ ကျော် ဖမ်းဆီးခံရ

Author ဆလိုင်း
Categories
Published on Jul 11, 2024

မလေးရှားနိုင်ငံ၊ ကွာလမ်လာပူမြို့ ဂျာလန်းအာလော့က အနှိပ်ခန်းတစ်ခုဝင်စီးခံရပြီးနောက် အဲဒီမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၅၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံရတယ်လို့ အဲဒီနားမှာ နေထိုင်တဲ့ မြန်မာနိုင်သားများထံမှ သိရပါတယ်။

 

ယမန်နေ့ ဇူလိုင်လ ၁၀ ရက်နေ့ ညနေ ၁၀ ဝန်းကျင်မှာ မလေးရှားအာဏာပိုင်အဖွဲ့က မြန်မာနိုင်ငံသားတွေ အလုပ်လုပ်ကိုင်နေတဲ့ အနှိပ်ခန်းကို ရှောင်တခင် ဝင်ရောက်စီးနင်းဖမ်းဆီးခံတာဖြစ်ပါတယ်။

 

၎င်းတို့ကို ကွာလမ်လာပူ​မြို့က လန်ဒူတာ လဝကရုံးမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ မြန်မာနိုင်ငံသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“အနှိပ်ခန်းကို မလေးရှား လဝကအဖွဲ့နဲ့ ရဲတွေက အင်အား ၃၀ ကျော်နဲ့ လာဖမ်းသွားတာပါ။ ဒီမနက်ထိ ပြန်လွတ်ခြင်းမရှိသေးဘဲ လန်ဒူတာ လဝကရုံးမှာပဲ ထိန်းသိမ်းထားဆဲဖြစ်တယ်” လို့ ၎င်းက ပြောပါတယ်။

 

ဖမ်းဆီးခံရတဲ့သူတွေဟာ နေထိုင်ခွင့်၊ လုပ်ကိုင်ခွင့် အထောက်အထားစာရွက်စာတမ်း အပြည့်အစုံပါတဲ့အပြင် ဒုက္ခသည်ခိုလှုံခွင့် UN ကတ်တွေ ကိုင်ဆောင်ထားသူတွေလည်း အများအပြားပါဝင်နေတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ကလည်း မလေးရှားအာဏာပိုင်အဖွဲ့မှ ဝင်ရောက်ဖမ်းဆီးလို့ မြန်မာနိုင်ငံသား ၇၀ နီးပါး ဖမ်းဆီးခံရပါတယ်။

 

ယခုရက်ပိုင်းတွင်း မြို့တော် ကွာလမ်လာပူအပါအဝင် တခြားမြို့ကြီးတွေမှာလည်း တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေကို မလေးရှားအာဏာပိုင်အဖွဲ့တွေက ဖမ်းဆီးမှုတွေ ဆက်တိုက် လုပ်ဆောင်လာတဲ့အတွက် မြန်မာနိုင်ငံသားတွေအနေနဲ့ အသွားအလာဂရုစိုက်ကြဖို့ လူမူကူညီရေးဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦးက တိုက်တွန်းထားပါတယ်။

 

“မလေးရှား လဝက၊ ရဲတွေက ဖမ်းပြီဆို အထောက်ထားရှိသူ/မရှိသူ၊ UN ရှိရှိ/မရှိ အကုန်ဖမ်းတာ။ ရဲစခန်းရောက်မှ စစ်ဆေးတယ်။ အထောက်အထားရှိသူတွေဆို တစ်ရက်၊ နှစ်ရက်မှ ပြန်လွှတ်ပေးတယ်။ UN ကတ်ရှိသူတွေကိုလည်း ချက်ချင်းမလွှတ်ဘဲ တစ်ပတ်ကျော်မှ ပြန်လွှတ်ပေးတယ်။ အထောက်အထားမရှိသူတွေဆို ငွေသိန်း ရာဂဏန်းပေးမှ ပြန်လွှတ်တယ်။ မပေးနိုင်ရင် မြန်မာပြည်ပြန်ပို့ခံရတယ်။ အဲဒီအတွက် မလိုအပ်ဘဲ အပြင်ထွက်တာ၊ လျှောက်လည်တာ မလုပ်ကြဖို့ပါ” လို့ ၎င်းက CJ Platform ကို ပြောပါတယ်။

 

မလေးရှားမှာ ပြီးခဲ့တဲ့ ဇွန်လတွင်း နိုင်ငံခြားသား တစ်ထောင်နီးပါး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

 

သတင်းနဲ့ ဓာတ်ပုံ – ဆလိုင်း