ထိုင်းမှာ ကားကြမ်းပြင်အောက် ပုန်းအောင်းလိုက်ပါလာတဲ့ မြန်မာလုပ်သား ၁၆ ဦး၊ ထိုင်း ၄ ဦးနဲ့အတူ ရဲဖမ်းမိ

Author အဂ္ဂ
Categories
Published on Jul 11, 2024

ထိုင်းနိုင်ငံ၊ ဖယူဟာ ခီရီ(Phayuha Khiri)ခရိုင်အတွင်းရှိ ဖရွန်ရိုသင်းလမ်းမကြီးပေါ်မှာ ပစ်ကပ်ကားရဲ့ ကြမ်းပြင်အောက် ပုန်းခိုလိုက်ပါလာတဲ့ တရားမဝင် ရွှေ့ပြောင်းမြန်မာလုပ်သား ၁၆ ဦးနဲ့ လူမှောင်ခိုကူးသူ ထိုင်းနိုင်ငံသား လေးဦးတို့ကို ဖမ်းမိခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

တာ့ခ်ခရိုင်၊ မဲဆောက်မြို့ကနေထွက်ခွာလာတဲ့ မသင်္ကာဖွယ် ကားနှစ်စီးကို သတင်းအရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ကြာသာပတေးနေ့ ဇူလိုင် ၁၁ ရက် ထိုင်းစံတော်ချိန် မနက် ၁ နာရီဝန်းကျင်မှာ စစ်ဆေးရေးဂိတ်ကိုဖြတ်လာတဲ့ ကားနှစ်စီးကို စစ်ဆေးခဲ့တာဖြစ်တယ်လို့ မူးယစ်ဆေးဝါးနှိမ်နင်းရေး ဗျူရိုရဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်းနင်းရေး တပ်ဖွဲ့မှူး ရဲမှူးကြီး ပိုင်သွန်ငန်လပ် (Paitoon Ngamlap)က ပြောပါတယ်။

 

အဆိုပါကားအတွင်း အသက် ၄၈ နှစ်အရွယ် ဝီနိုင်ဝနာဝတ်နဲ့အတူ လူငယ်နှစ်ဦးတို့ကို တွေ့ရှိခဲ့ပြီးနောက် ၁၀ ကီလိုမီတာအကွာမှ မောင်းနှင်လာတဲ့ နောက်ထပ်ကားတစ်စီးပေါ်က ထိုင်းနိုင်ငံသား အသက် ၂၇ နှစ်အရွယ် ပရွတ်ထောက် ခရာဆာဆင်ကို တွေ့ခဲ့တာကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

 

အဲဒီကားတွေကိုရှာဖွေရာမှာတော့ ကားအခင်းကြမ်းပြင်အောက်မှာ ပုန်းအောင်းလိုက်ပါလာတဲ့ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၆ ဦး စုစုပေါင်း ၁၆ ဦးတို့ကို တွေ့ရှိပြီးနောက် ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ အဲဒီထိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။

 

မစ္စတာဝီနိုင်ကတော့ “အမည်မသိ လူတစ်ယောက်က သူ့ကို ဒီ တရားမဝင် ရွှေ့ပြောင်းလာတဲ့ မြန်မာနိုင်ငံသားတွေကို မဲဆောက်ကနေ အယုဒ္ဓယခရိုင်ထဲကို ပို့ပေးဖို့ ဘတ်တစ်သောင်းနဲ့ ငှားရမ်းခဲ့တာဖြစ်ပြီး အဲဒီကိုရောက်ရင် အခြားသူတစ်ဦးက လာကြိုပြီး ဒီလူတွေကို အလုပ်ခွင်တွေထဲ ခေါ်ဆောင်သွားမှာဖြစ်တယ်” လို့ ထွက်ဆိုပါတယ်။

 

လက်ရှိ ရဲတပ်ဖွဲ့က ထိုင်းနိုင်ငံသားလေးဦးကို ခွင့်ပြုချက်မရှိဘဲ တရားမဝင်ရွှေ့ပြောင်းလာသူတွေကို နိုင်ငံတွင်းဝင်ရောက်စေနိုင်ရန် ကူညီပေးမှုနဲ့ ဒီလူတွေကို ဖမ်းဆီးခံရခြင်းက ရှောင်လွှဲရန် ကူညီပေးမှုတို့နဲ့ အမှုဖွင့် အရေးယူထားပြီး မြန်မာနိုင်ငံသား ၁၆ ဦးကိုလည်း နိုင်ငံတွင်း တရားမဝင် ဝင်ရောက်လာမှုနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

 

၎င်းတို့အားလုံးကို ရဲစခန်းမှာ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။

 

ဓာတ်ပုံ – Bangkok Post

 

ကိုးကား – Bangkok Post