တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးမှာ ပထမဆုံးအသိမ်းခံရတဲ့မြို့ဖြစ်လာတဲ့ နောင်ချို နောက်ဆုံးတပ် ၆၀၆ ကို သိမ်းနိုင်ပြီလို့ TNLA အတည်ပြု

Author ကိုထားဝယ်
Categories
Published on Jul 10, 2024

တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်က ရှမ်းမြောက်၊ နောင်ချိုမြို့နယ်ဟာ တအာင်းတပ် TNLA နဲ့ ပူးပေါင်းတပ်တွေရဲ့ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးမှာ ပထမဆုံးသိမ်းပိုက်နိုင်တဲ့မြို့ ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

 

အဲဒီမြို့မှာ နောက်ဆုံးသိမ်းပိုက်ဖို့ကျန်တဲ့ ဒုံးတပ် ၆၀၆ တပ်ရင်းကို ဒီနေ့ ညနေပိုင်းမှာ သိမ်းပိုက်လိုက်နိုင်ပြီဖြစ်တယ်လို့ TNLA ပြောခွင့်ရသူက CJ Platform ကို အတည်ပြုပြောကြားပါတယ်။

 

“၆၀၆ တပ်စခန်းကို ဒီနေ့ ညနေ ၃ နာရီအချိန်မှာ TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့ အပြီးသိမ်းပိုက်နိုင်ခဲ့ပါတယ်” လို့ ၎င်းက ပြောပါတယ်။

 

ဒါပေမဲ့ စစ်ကောင်စီတပ်ဖွဲ့သေဆုံးမှု၊ စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှု စတဲ့အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ သူမက ပြောပါတယ်။

 

ယနေ့ည PSLF/TNLA ရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း ၆၀၆ တပ်ရင်းကို သိမ်းပိုက်တယ်လို့ပဲ ထည့်ရေးထားတာတွေ့ရပြီး ကျန်တဲ့ အသေးစိတ်အချက်အလက်တွေ ရေးသားထားတာ မတွေ့ရပါဘူး။

 

နောင်ချိုမြို့တွင်းက စစ်ကောင်စီဌာနရုံးနဲ့ ရဲစခန်းတွေကို တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး သုံးရက်အတွင်း ထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ခမရ ၁၁၄ နဲ့ ၁၁၅ ၊ ကံ့ကော်၊ ခဲမွန်စစ်၊ ကျောက်ကြမ်း၊ အုမ္မတီးတပ်စခန်းတို့ကို TNLA၊ Mdy-PDF နဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်က ထပ်မံသိမ်းပိုက်ခဲ့ပါတယ်။

 

အဲဒီစခန်းများက စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ လက်အောက်ခံတွေဟာ ၆၀၆ တပ်ရင်းထံ သွားရောက် ပူးပေါင်းခဲ့တဲ့အတွက် စစ်ဆင်ရေးစတဲ့ ဇွန် ၂၅ ရက်ကနေ ဒီနေ့ ဇူလိုင် ၁၀ ရက်အထိ ၁၆ ရက်ကြာ အဲဒီစခန်းကို တိုက်ခိုက်ခဲ့ရတာဖြစ်ပါတယ်။

 

ဓာတ်ပုံ – PSLF/TNLA