ကလေးမှာ စစ်ကောင်စီလက်နက်ကြီး စာသင်ကျောင်းအနီး ကျရောက်ပေါက်ကွဲလို့ ကျောင်းသားငယ် ၃ ဦး ဒဏ်ရာရ

Author ဆလိုင်း
Categories
Published on Jul 09, 2024

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာထဲ စစ်ကောင်စီ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲလို့ ကျောင်းသားကလေးငယ် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အဲဒီဒေသခံများထံမှ သိရပါတယ်။

 

ယနေ့ ဇူလိုင်လ ၉ ရက်နေ့ မနက် ၁၁ နာရီခွဲခန့်မှာ ကလေးမြို့တွင်းရှိ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ငါးလုံးထိ လက်ပံချောင်းကျေးရွာ စာသင်ကျောင်းအနီး ကျပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“အဲဒီအနီးနားက နေအိမ်တွေ ပျက်စီးသွားသလို စာသင်ကျောင်းလည်း အနည်းငယ်ပျက်စီးသွားတယ်။ အရပ်သားတွေ ထိခိုက်သေဆုံးမှု မရှိပေမဲ့ ကျောင်းသား သုံးယောက်က ထိခိုက်ဒဏ်ရာရသွားတယ်။ အခု ဆေးကုသမူတွေ ခံယူနေကြရပါတယ်” လို့ ၎င်းက ပြောပါတယ်။

 

စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကလေးမြို့ အနီးဝန်းကျင် ကျေးရွာများထံ လက်နက်ကြီးကျည် ရမ်းသမ်းပစ်ခတ်ခြင်း၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ နေ့စဉ်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

 

ဇူလိုင်လ ၆ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကလေးမြို့နယ်၊ နန်းချောင်းကျေးရွာက အရပ်သားတစ်ဦး ဗုံးထိမှန်ပြီး သေဆုံးခဲ့ပါတယ်။

 

ဓာတ်ပုံ – CJ

 

ပုံစာ- ဒီနေ့မနက်ပိုင်း စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် ပျက်စီးသွားတဲ့ နေအိမ်ကိုတွေ့မြင်ရစဉ်