မြို့ ၁၄ မြို့ က မြစ်ရေစိုးရိမ်ရေမှတ်အထက် ဆက်ရှိနေမယ်

Author အညာသား
Categories
Published on Jul 09, 2024

မြစ်ရေတွေတက်နေလို့ရေကြီးမှုဒဏ်ခံနေရတဲ့ ကချင်၊ စစ်ကိုင်းနဲ့ မန္တလေးက မြို့ ၁၄ ခုမှာ စိုးရိမ်ရေအမှတ်အထက်မှာ ဆက်ရှိနေမယ်လို့ စစ်ကောင်စီ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့  ဒီနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဧရာဝတီမြစ်ရေဟာ ဗန်းမော်၊ ‌ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း စတဲ့မြိုနယ်တွေမှာ လာမယ့် နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်အထက်မှာ ဆက်ရှိနေမှာဖြစ်သလို ညောင်ဦးမြို့မှာလည်း နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အထက် တစ်ပေခွဲခန့်ရှိနေနိုင်တယ်လို့ မိုးဇလရဲ့ ဒီနေ့နေ့လယ်ပိုင်းအရ သိရပါတယ်။

 

ဒါ့အပြင် ချင်းတွင်းမြစ်ရေဟာလည်း ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာမြိုနယ်တွေမှာ လာမယ့် တစ်ရက် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်ထက် တစ်ပေနီးပါးနဲ့ တစ်ပေကျော် မြင့်တက်နေနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

 

မနက်အစောပိုင်း တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်းနဲ့ ဒုဌဝတီမြစ်ရေဟာ မြစ်ငယ်မြို့၊ ချင်းတွင်းမြစ်ရေဟာ ခန္တီး၊ ဟုမ္မလင်း၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာ၊ နန့်ယင်းနဲ့ နန့်ကောင်း​ ချောင်းရေဟာ မိုးကောင်း စတဲ့မြို့ပေါင်း ၁၄ မြို့မှာ စိုးရိမ်ရေအမှတ်အထက်ကျော်လွန်ရောက်နေတာပါ။

 

ဗန်းမော်မြို့ရဲ့ စိုးရိမ်ရေမှတ်ဟာ ၁၁၅၀ စင်တီမီတာမှ ၁၂၀၉ စင်တီမီတာ၊ ရွှေကူမြို့  ၉၃၀ စင်တီမီတာမှ ၉၉၃ စင်တီမီတာ၊ ကသာမြို့ ၁၀၄၀ စင်တီမီတာမှ ၁၀၉၄ စင်တီမီတာ၊ သပိတ်ကျင်းမြို့ ၁၄၈၀ စင်တီ မီတာမှ ၁၅၇၇ စင်တီမီတာ၊မန္တလေးမြို့ ၁၂၆၀စင်တီမီတာမှ ၁၂၆၉ စင်တီမီတာ၊ စစ်ကိုင်းမြို့ ၁၁၅၀ စင်တီမီတာမှ ၁၁၅၉ စင်တီမီတာ၊ မြစ်ငယ်မြို့ ၈၇၀ စင်တီမီတာမှ ၈၈၂ စင်တီမီတာ ကျော်လွန်ရောက်ရှိနေတာဖြစ်ပါတယ်။

 

အလားတူ ခန္တီးမြို့ ၁၃၆၀ စင်တီမီတာမှ ၁၆၂၉ စင်တီမီတာ၊ ဟုမ္မလင်းမြို့ ၂၉၀ဝ စင်တီမီတာမှ ၃၁၀၁ စင်တီမီတာ၊ မော်လိုက်မြို့ ၁၂၃၀ စင်တီမီတာမှ ၁၄၈၄ စင်တီမီတာ၊ ကလေးဝမြို့ ၁၅၅၀ စင်တီမီတာမှ ၁၇၃၁ စင်တီမီတာ၊ မင်းကင်းမြို့ ၁၃၅၀ စင်တီမီတာမှ ၁၄၈၃ စင်တီမီတာ၊ မုံရွာမြို့ ၁၀ဝ၀ စင်တီမီတာမှ ၁၀၄၆ စင်တီမီတာ၊ မိုးကောင်းမြို့ ရဲ့ စိုးရိမ်ရေမှတ်ဟာ နန့်ယင်း/နန့်ကောင်း ချောင်းနှစ်ခုစလုံးမှာ ၆၀ဝစင်တီမီတာဖြစ်ပြီး နန့်ယင်းချောင်းမှာ ၆၁၄ စင်တီမီတာသို့ ရောက်ရှိကာ နန့်ကောင်းချောင်းမှာ ၆၁၁ စင်တီမီတာသို့ အသီးသီးကျော်လွန်ရောက်ရှိနေတာ ဖြစ်ပါတယ်။

 

ဧရာဝတီမြစ်ရေဟာ ယနေ့ ဇူလိုင် ၉ ရက် မနက်ပိုင်းတိုင်းထွာချက်တွေအရ မြစ်အထက်ပိုင်းမြို့တွေမှာ ရေအနည်းငယ်ကျပြီး အောက်ဘက်သို့ဆင်းလာကာ မန္တလေးနဲ့ စစ်ကိုင်းမြို့မှာ ဒီနေ့ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ရောက်ရှိလာတာဖြစ်ပါတယ်။

 

“မန္တလေးလည်း စိုးရေရိမ်ရေအမှတ်ကျော်သွားပြီ ၁၃၀ဝ စင်တီမီတာကျော်ရင်တော့ တာဘောင်ကို ရေကျော်မယ်ထင်တယ်။ ပုံမှန်မြစ်ရေဝင်နေကျ အမရပူရအနိမ့်ပိုင်းတွေတော့ ရေစဝင်နေပြီ။ စစ်ကိုင်းဘက် မြစ်ဘေးက ရပ်ကွက်တွေလည်း ရေစဝင်နေပြီ။ ကူညီကယ်ဆယ်ရေးအတွက်တော့ ကြိုပြင် ဆင်ထားပါတယ်” လို့ မီးသတ်တပ်ဖွဲ့ဝင်နဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

မန္တလေးမြို့အောက်ဘက် မြင်းမူ၊ ပုခုက္ကူ၊ ညောင်ဦးမြို့တို့မှာလည်း စိုးရိမ်ရေအမှတ် ရောက်ရှိဖို့  နီးကပ်နေပြီဖြစ်ပြီး တစ်ရက်အတွင်း စိုးရိမ်ရေအမှတ်ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။

 

ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ခန္တီးမြို့မှာ စိုးရိမ်ရေအမှတ်ထက် ကိုးပေခန့် ကျော်လွန်ရောက်ရှိ နေသလို ဟုမ္မလင်းမြို့မှာ စိုးရိမ်ရေအမှတ်ထက် ခြောက်ပေခွဲ ကျော်လွန်ရောက်ရှိကာ မြို့လုံးကျွတ်နီးပါးရေလွှမ်းမိုးနေဆဲဖြစ်လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။

 

ဧရာဝတီနဲ့ ချင်တွင်းမြစ်ဖျားပိုင်းမှာ နောက် သုံးရက်မှ လေးရက်အတွင်း မိုးရွာသွန်းနိုင်သလို မြစ်ရေက အထက်မှ အောက်သို့ တအိအိဆင်းလာနေတာကြောင့် မြစ်အောက်ပိုင်းအရပ်ဒေသတွေမှာ မိုးများ လာပါက ချင်းတွင်းနဲ့ ဧရာဝတီမြစ်ရိုးတလျှောက်ရေကြီးရေလျှံမှုဟာ အခုအခြေအနေထက်ပိုမို ဆိုးရွားနိုင်တယ်လို့ မိုးဇလပညာရှင် ဦးဝင်းနိုင်က အသိပေးရေးသားထားပါတယ်။

 

ဓာတ်ပုံ – ထုံးဘိုအရန်မီးသတ်တပ်ဖွဲ့

 

ပုံစာ – စစ်ကိုင်းမြို့မှာ ဧရာဝတီမြစ်ရေတက်လို့ စစ်ကိုင်းတံတားအနီးထိ ရောက်ရှိနေတာကိုတွေ့မြင်ရစဉ်