တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေး တရုတ်ရောက်နေတဲ့ ဒုစစ်ခေါင်းဆောင်ပြော

Author ကိုထားဝယ်
Categories
Published on Jul 08, 2024

ရှမ်းမြောက်မှာ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်နေစဉ်သွားတဲ့ ဒုချုပ် စိုးဝင်းရဲ့ တရုတ်ခရီးစဉ်အတွင်း နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေးနဲ့ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

 

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)ရဲ့ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်ကိုသွားတက်တဲ့ ဒုချုပ် စိုးဝင်းဟာ မနေ့ ဇူလိုင် ၇ ရက်က တရုတ်တာဝန်ရှိသူတွေနဲ့တွေ့ဆုံစဉ် ပြောကြားခဲ့တာပါ။

 

မနေ့ ညနေပိုင်းက Qingdao International Conference Center ရှိ Anren ခန်းမမှာကျင်းပတဲ့ မြန်မာ-တရုတ်နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲမှာ ဒုစစ်ခေါင်းဆောင်ဟာ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်ရဲ့ အမျိုးသားကော်မတီ ဒုဥက္ကဋ္ဌ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)ရဲ့ အိမ်နီးချင်းကောင်း၊ မိတ်ဆွေဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုကော်မရှင် ဥက္ကဋ္ဌ မစ္စ ရှန်ယွဲ့ယွဲ့ (Ms.Shen Yueyue)တို့နဲ့အတူ တရုတ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တာပါ။

 

အဲဒီမှာ သူက သမ္မတဟောင်း ဦးသိန်းစိန်တက်ခဲ့တဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်ကိုအခြေခံပြီး ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို တိုးတက်အောင်ဆောင်ရွက်နေတဲ့အခြေအနေ အပါအဝင် နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးနဲ့ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့ကို ထည့်သွင်းပြောကြားခဲ့တယ်လို့ ဒီနေ့ထုတ် စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေက ရေးသားဖော်ပြပါတယ်။

 

တရားမဝင်နယ်စပ်ဖြတ်ကျော်မှု၊ အွန်လိုင်းလောင်းကစားများ ပပျောက်ရေးနဲ့ မူးယစ်ဆေးဝါးကိစ္စတွေနဲ့ပတ်သက်လို့ နှစ်နိုင်ငံသတင်းအချက်အလက် ဖလှယ်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်နိုင်ရေးနဲ့အတူ ရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ဆောင်နေတဲ့အကြောင်းတွေကို ဆွေးနွေးခဲ့ကြပါတယ်လို့ သိရပါတယ်။

 

ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ ဇူလိုင် ၆ ရက်နေ့က တရုတ်နိုင်ငံ၊ ချင်းတောင်မြို့မှာပြုလုပ်တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)ရဲ့ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်ကို သွားတက်ဖို့ တရုတ်ကို စတင်ထွက်ခွာခဲ့ပါတယ်။

 

အဲဒါဟာ အာဏာသိမ်းပြီး သုံးနှစ်ခွဲကာလအတွင်း စစ်ခေါင်းဆောင်တစ်ယောက်ရဲ့ ပထမဆုံး တရုတ်ခရီးစဉ်ဖြစ်ပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ အာဏာသိမ်းပြီးနောက် တရုတ်ကို မရောက်သေးပါဘူး။

 

ပြီးခဲ့တဲ့ ဇွန် ၂၅ ကနေ ၂၉ ရက်အထိ ဘန်ဒေါင်းမူကြီး ငါးရပ်ချမှတ်ခဲ့တဲ့ နှစ် ၇၀ ပြည့်အခမ်းအနားတက်ဖို့ သမ္မတဟောင်း ဦးသိန်းစိန် တရုတ်ကို သွားရောက်ခဲ့ပါတယ်။

 

ဓာတ်ပုံ – MOI