အင်းစိန်က စစ်သားစုဆောင်းရေးတပ် မိုင်းခွဲတိုက်ခိုက်မှု ဂိတ်စောင့်စစ်သားတချို့ ပြင်းထန်ဒဏ်ရာရ

Author ကိုထက်
Categories
Published on Jul 08, 2024

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်ရှိ စစ်ကောင်စီရဲ့ အမှတ် ၁ တပ်မတော်စုဆောင်းရေးတပ်ကို ဇွန်လ ၆ ရက်နေ့ ည ၇ နာရီခန့်က ပြင်းအားမြင့်မိုင်းဖြင့် တိုက်ခိုက်ခဲ့မှုအတွင်း ဂိတ်စောင့်စစ်သားတချို့ ပြင်းထန်ဒဏ်ရာရတယ်လို့ Yangon Army ထံမှ သိရပါတယ်။

 

“စစ်မှုထမ်းခေါ်တာတွေ ဆက်တိုက်လုပ်နေလို့၊ အခုလိုတိုက်ခိုက်ခဲ့တာပါ။ ကျွန်တော်တို့နဲ့အတူ အနောက်ပိုင်းခရိုင် ပကဖလည်းပါဝင်ပါတယ်။ ပြင်းအားမြင့်မိုင်းနဲ့ဖောက်ခွဲခဲ့တဲ့အတွက် ဂိတ်စောင့်စစ်သားတချို့တော့ ပြင်းထန်ဒဏ်ရာရနိုင်ပါတယ်” လို့ Yangon Army အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

 

ပေါက်ကွဲမှုဖြစ်အပြီး စစ်ကောင်စီတပ်သားတွေက တညင်းကုန်းရပ်ကွက်ထဲကို ညပိုင်းမှာ ပိတ်ဆို့စစ်ဆေးတာတွေလုပ်ခဲ့တယ်လို့‌လည်း အဲဒီရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

 

“ဗုံးပေါက်တာ အသံကအကျယ်ကြီးပဲ။ လူနာတင်ကားသံလည်းကြားတယ်။ ပေါက်သံကြားပြီးတော့ သူတို့(စစ်ကောင်စီတပ်သား)တွေ ရပ်ကွက်ထဲ စစ်ဆေးတာတွေလုပ်တယ်။ ဖမ်းဆီးခံလိုက်ရသူတော့ မကြားမိဘူး” လို့ တညင်းကုန်ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်ကလည်း ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က စစ်တပ်ပိုင် Red Ruby စီးကရက်စက်ရုံ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး စက်ရုံအတွင်း မီးလောင်ခဲ့ပါတယ်။

 

ဒါ့အပြင် ဇွန်လ ၃ ရက်နေ့ကလည်း မင်္ဂလာဒုံမြို့နယ်ထဲက စစ်တပ်ပိုင် MEC နို့ချက်စက်ရုံကို ‌ ရန်ကုန်တိုင်းပြည်သူ့တပ်မဟာရဲ့  Slayers of Tyarntsတပ်ခွဲက ဗုံးခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

 

 

ဓာတ်ပုံ – Yangon Army