မန္တလေးက အစိုးရဝန်ထမ်းများကို စစ်ကောင်စီက ရိက္ခာကြိုစုခိုင်းထား၊ မြို့ဝင်/ထွက်များ အထူးကြပ်မတ်ပိတ်ဆို့ထား

Author အညာသား
Categories
Published on Jul 06, 2024

ရှမ်းမြောက်ရဲ့ တစ်ကျော့ပြန် ၁၀၂၇ စစ်ရေးအရှိန် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲမှတစ်ဆင့် ပုသိမ်ကြီးမြို့နယ်အစပ်ထိ ရောက်ရှိလာလို့ မန်းက အစိုးရရုံးဝန်ထမ်းတွေကို စစ်ကောင်စီက ရိက္ခာကြိုတင်စုဆောင်းထားဖို့ ညွှန်ကြားမှုတွေရှိနေတယ်လို့ ဝန်ထမ်းအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

မန္တလေး-မိုးကုတ်လမ်းတစ်လျှောက်ရှိ မတ္တရာနဲ့ စဉ့်ကူးနယ်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF က စခန်းသိမ်းတိုက်ပွဲတွေ အရှိန်မြှင့်ထိုးစစ်ဆင်တိုက်ခိုက်နေရာ ပုသိမ်ကြီးမြို့နယ်အစပ်ရှိ အောင်သပြေဘိလပ်မြေစက်ရုံအနီးထိ တိုက်ပွဲတွေဖြစ်ပေါ်လာတာကြောင့် မန္တလေးသို့ စစ်မီးမကူးစက်အောင် စစ်ကောင်စီက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်တဲ့သဘောမျိုးဖြစ်တယ်လို့ အဆိုပါ သတင်းရင်းမြစ်က ဆိုပါတယ်။

 

“စစ်ကောင်စီက အစိုးရရုံးဝန်ထမ်းတွေ ဆန်၊ ဆီ၊ မီးသွေးလိုဟာမျိုးရိက္ခာတွေ စုဆောင်းခိုင်းထားတယ်။ လျှပ်စစ်မီးတွေလည်း ထပ်ဖြတ်မယ်လို့ သိရတယ်” လို့ ၎င်းက ပြောပါတယ်။

 

လတ်တလော စစ်ကောင်စီက မန္တလေးမြို့အဝင်အထွက်နေရာတွေအပြင် မတ္တရာနဲ့ ပုသိမ်ကြီးမြို့နယ်တို့မှာ ခံစစ်ပြင်နေပြီး မတ္တရာမြို့အဝင်အထွက်တွေကိုလည်း တင်းကျပ် ပိတ်ဆို့ထားတယ်လို့ အဲဒီကဒေသခံများထံမှ သိရပါတယ်။

 

“လမ်းအဝင်အထွက်တွေ အကုန်ပိတ်သွားပြီ။ မတ္တရာနဲ့ မန္တလေးအဝင်အထွက်တွေ၊ တောင်မြို့ဘက် တွေ၊ စစ်ကိုင်းနှာပေါက်ဘက်တွေ၊ ပုသိမ်ကြီးဘက်တွေရောပဲ။ အလုပ်သမားတွေကိုတော့ အသွားအလာလွှတ်ပေးနေသေးတယ်။ မြို့တွင်းမှာတော့ လောလောဆယ်မစစ်သေးဘူး။ မော်တော်ပီကယ်တွေကတော့ ရှယ်ရှောင်နေရတာ” လို့ ချမ်းမြသာစည်မြို့နယ်မှာနေထိုင်တဲ့ လူငယ်အမျိုးသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

စစ်ကောင်စီဟာ မန္တလေးမြို့မြောက်ဘက် မန္တလေး-မတ္တရာ-မိုးကုတ်လမ်းမကြီးတစ်လျှောက်ရှိ လက်ပံလှ၊ နွယ်ရုံ၊ ချောင်းကြီး၊ ရွှေပြည်၊ ရေနံ့သာစတဲ့ကျေးရွာတွေအပြင် သပိတ်ကျင်း၊ စဉ့်ကူးစတဲ့ မြို့နယ်တွေမှာလည်း လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် ဒေသခံပြည်သူတချို့ ထိခိုက်သေဆုံးခဲ့ရသလို ဒေသခံထောင်နဲ့ချီ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

 

မတ္တရာနဲ့ စဉ့်ကူးမြို့နယ်ထဲက စစ်အုပ်စု လက်အောက်ခံ ပြည်သူ့စစ်အမည်ခံ ပျူစောထီးတွေအနေနဲ့ အမြန်ဆုံး လက်နက်ချအလင်းဝင်ဖို့ နောက်ဆုံးအခွင့်အရေးပေးတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး) MDY-PDF က တိုက်တွန်းချက် ထုတ်ပြန်ထားပါတယ်။

 

ထို့ပြင် သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်အစပ် မန္တလေး-မိုးကုတ်ကားလမ်းပေါ်မှာ သပိတ်ကျင်းမြို့နယ် (ပကဖ)နဲ့ သပိတ်ကျင်းတိုက်နယ်(ပကဖ)တို့ ပူးပေါင်းပြီး စစ်ဆင်ရေးဆိုင်ရာလှုပ်ရှားမှုလုပ်ဆောင်ခဲ့ တယ်လို့ သပိတ်ကျင်း(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။

 

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတိုက်ပွဲတွေအတွင်း မတ္တရာမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ရှစ်ခုအပါအဝင် စစ်သုံ့ပန်း ၆၀ ကျော်နဲ့ လက်နက်မျိုးစုံ ၁၂၅ လက်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဇူလိုင် ၂ ရက်မှာ မန်း PDF ထုတ်ပြန်ပါတယ်။

 

အဲဒီနောက် ဇူလိုင် ၃ ရက်မှာ မန္တလေး-မိုးကုတ်လမ်းပေါ်က နွယ်ရုံကျေးရွာရဲစခန်းအပါအဝင် စစ်ကောင်စီစခန်း ခြောက်ခုကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲတွေအတွင်း စစ်သုံ့ပန်း ၁၃ ဦး ဖမ်းမိကာ လက်နက် မျိုးစုံ ၄၀ ကျော် သိမ်ဆည်းရရှိတယ်လို့လည်း MDY-PDF က ထုတ်ပြန်ခဲ့ပါတယ်။

 

ဓာတ်ပုံ- Mdy-PDF

 

ပုံစာ – စဉ့်ကူးနယ်မှာ စခန်းများ သိမ်းခဲ့စဉ်က မန်း PDF တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်

 

 

Related News

Depend on news