SSPP/SSA ရဲ့ပစ်ခတ်မှုကြောင့် TNLA သီပေါမြို့နယ်မှူး ကျဆုံး၊ ခေါင်းဆောင်တွေညှိနှိုင်းပြီးနောက် အပစ်အခတ်ရပ်စဲ

Author လဂွန်းအိမ်
Categories
Published on Jul 06, 2024

ရှမ်းမြောက်၊ သီပေါမြို့နယ်၊ ရေပူရွာတွင် ရှမ်းပြည်တပ်မတော်(SSPP/SSA)ရဲ့ ပစ်ခတ်မှုကြောင့် သီပေါမြို့နယ်မှူး ကျဆုံးခဲ့တယ်လို့ တအောင်းတပ် PSLF/TNLA ရဲ့ ယမန်နေ့ ဇူလိုင် ၅ ရက်နေ့ ညပိုင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတချို့ကို သယ်ယူပို့ဆောင်စဉ် ရေပူရွာအနီးရှိ ဘုန်းကြီးကျောင်းဝင်းအတွင်းမှ SSPP/SSA တပ်ဖွဲ့များ ပစ်ခတ်ခဲ့တာဖြစ်ပြီး ကားပေါ်လိုက်ပါလာတဲ့ သီပေါမြို့နယ်မှူး ဗိုလ်ကြီး နေအုပ်(ခေါ်) ဂူ;ပ္လါင် နေရာတွင်ကျဆုံးခဲ့ကာ သုံးဦးဒဏ်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

 

အဲဒီနောက် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အပြင် ကျောက်မဲမြို့နယ်၊ လုပ်ပါနဲ့ နောင်ပိန်ကြီးကျေးရွာတို့တွင်လည်း ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

 

TNLA နဲ့ SSPP တို့ အောက်ခြေတပ်ဖွဲ့များကြား နားလည်မှုလွဲမှားပြီး အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် သက်ဆိုင်ရာ ခေါင်းဆောင်အသီးသီးမှ ဆွေးနွေးညှိနှိုင်းခဲ့ပြီး နှစ်ဖက်တိုက်ပွဲအဆုံးသတ်ခဲ့တယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဓာတ်ပုံ – PSLF/TNLA