စစ်ခေါင်းဆောင်နဲ့ တရုတ်သံအမတ် နေပြည်တော်မှာတွေ့ဆုံ၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲကျင်းပရေးပြင်နေပုံ သတင်းပါး

Author ကိုထားဝယ်
Categories
Published on Jul 05, 2024

တာဝန်ပြီးဆုံးလို့ နိုင်ငံကထွက်တော့မယ့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်နဲ့ စစ်ခေါင်းဆောင်တို့ မနေ့ ဇူလိုင် ၄ ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။

 

အဲဒီမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က H.E Mr.Chen Hai(ချန်ဟိုင်)ကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ စစ်ကောင်စီက ကြိုးပမ်းလုပ်ဆောင်နေတဲ့အကြောင်း ပြောပါတယ်။

 

ဒါ့အပြင် တရုတ်က စစ်ကောင်စီကို ကူညီပေးနေမှုများ၊ တရုတ်-မြန်မာ နယ်စပ်ဒေသငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေးပြင်ဆင်နေပုံများကို တရုတ်ပြန်မယ့် သံအမတ်ကို စစ်ခေါင်းဆောင်က ခေါ်ရှင်းပြခဲ့ပါတယ်။

 

မစ္စတာ ချန်ဟိုင်ဟာ ဦးသန်းရွှေနဲ့ ဦးသိန်းစိန်တို့အပါအဝင် နေပြည်တော်ခြောက်လုံးတန်းက စစ်အာဏာရှင်ဟောင်းတွေကို ယခုနှစ် ဧပြီလထဲ သွားရောက်တွေ့ဆုံခဲ့တာပါ။

 

အဲဒီနောက် သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ ဇွန် ၂၅ ရက် တရုတ်ခရီးစဉ်ထွက်ပေါ်လာခဲ့ပါတယ်။ ဘန်ဒေါင်းမူကြီးငါးရပ်လို့လူသိများတဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ်ချမှတ်ခဲ့တဲ့ နှစ် ၇၀ ပြည့်အခမ်းအနားသို့ စစ်ဗိုလ်ချုပ်ကြီးနဲ့ ကြံ့ခိုင်ရေးပါတီနာယကက တက်ရောက်ခဲ့တာပါ။

 

အဲဒီမှာ တရုတ်အစိုးရရဲ့အရေးပါအရာရောက်သူ တစ်ဦးဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ သူတို့နှစ်ယောက် ဘာတွေဆွေးနွေးခဲ့ကြတယ်ဆိုတာတော့ နှစ်ဖက်စလုံးက ထုတ်ပြန်လာတာမျိုးမရှိသေးပါဘူး။

 

ဒီလိုရှိနေချိန် မနေ့က မစ္စတာ ချန်ဟိုင်နဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ တရုတ်သံအမတ်ဟာ စစ်ကောင်စီ ဒုဝန်ကြီးချုပ်တွေထဲက တစ်ဦးဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့လည်း သီးသန့်တွေ့ဆုံခဲ့ပါသေးတယ်။

 

အဲဒီမှာ အာဆီယံနဲ့ ကုလသမဂ္ဂမှာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ နှစ်ဖက်အပြန်အလှန်အကျိုးရှိစေမယ့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

 

ဓာတ်ပုံ – CINCDS

 

ပုံစာ – ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်က ရန်ကုန်မှာ ကျင်းပခဲ့တဲ့ တရုတ်နှစ်သစ်ကူးပွဲတော်မှာတွေ့မြင်ရတဲ့ စစ်ခေါင်းဆောင်