ဖားကန့် လုံးခင်းမှာ ရေကျပေမဲ့ ဆန်ခါ-မှော်ဘုံရွာတံတား ကျိုးလို့ လမ်းပမ်းဆက်သွယ်ရေးခက်ခဲ

Author အညာသား
Categories
Published on Jul 05, 2024

ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ လုံးခင်းရွာမှာ ရေပြန်ကျသွားပေမဲ့ ဆန်ခါနဲ့ မှော်ဘုံရွာကြားက ချောင်းကူးတံတား မျောပါပျက်စီးလို့ ဒေသခံတွေ လမ်းပမ်းဆက်သွယ်ရေး အခက်အခဲဖြစ်ပေါ်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

ဇူလိုင် ၁ ရက်ကစပြီး ဖားကန့်အထက်ပိုင်းမှာ မိုးများပြီး ရေကြီးရေလျှံခဲ့လို့ တောင်ကျရေကြောင့် ဆန်ခါ-မှော်ဘုံချောင်းကူးတံတားကျိုးခဲ့ရပါတယ်။ ဒါကြောင့် ဒေသခံတွေနဲ့ ကျောင်းသား/သူတွေရဲ့ သွားလာရေးအခက်အခဲဖြစ်ပေါ်နေတာဖြစ်တယ်လို့ ဆိုကြပါတယ်။

 

“တံတားပျက်စီးသွားတဲ့နေရာတွေကို ကျင်းပိုင်ရှင် ကုမ္ပဏီတွေအနေနဲ့ ဇက်ဖောင်ကြီးတွေ ကောင်းကောင်းလုပ်ပေးပြီး၊ အလုပ်သမားတွေကိုလည်း ကုမ္ပဏီက လစာပေးပြီး အကုန်ကျခံ ဆောင်ရွက်ပေးသင့်တယ်။ ချောင်းကူးခကို လေလံဆွဲပြီး ငွေကောက်ခံတာမျိုး မလုပ်ခိုင်းဘဲ သက်ဆိုင်ရာ အထက်လူကြီးတွေအနေနဲ့ အခမဲ့စီစဉ်ဆောင်ရွက်ပေးနိုင်ရင်တော့ကောင်းဆုံးပါပဲ” လို့ လုံးခင်းဒေသခံသတင်းရင်းမြစ်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

၂၀၂၀ ခုနှစ်ခန့်က တည်ဆောက်ခဲ့တဲ့ ဆန်ခါ-မှော်ဘုံချောင်းကူးတံတားကို ထုထည်ခိုင်ခိုင်မာမာ ဆောက်လုပ်ခဲ့ပေမဲ့ နောက်ပိုင်း တံတားအနီး ဆန်ခါချောင်းဘေးမှာ လုပ်ကွက်ကျင်းနက်ကြီး တူးလိုက်ခြင်းကြောင့် မိုးများရေကြီးတဲ့အခါ လုပ်ကွက်ကျင်းပွင့်ထွက်ပြီး ရေစီးထဲ တံတားမျောပါပျက်စီးခဲ့တာဖြစ်တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

လတ်တလော ဖားကန့်၊ လုံးခင်းရှိ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့တဲ့ ရပ်ကွက်နေရာတွေ ရေပြန်လည်ကျဆင်းသွားပြီး ရေကြောင့် တင်ကျန်ခဲ့တဲ့ အမှိုက်များကို ရှင်းလင်းနေကြတယ်လို့ သိရပါတယ်။

 

ဖားကန့်ဒေသမှာ အခုလို မိုးတွင်းကာလ ရေကြီးရေလျှံမှုဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများအပြင် ကျောက်မျက်တူးဖော်ရေးကုမ္ပဏီတွေအနေနဲ့ ဂေါက်ကွင်းထိပ်၊ လုံးခင်းအောင်ရာရွာ၊ ဆိုင်းရာ ရွာသစ်၊ မဇွပ်ယန်၊ ဆန်ခါရွာ စတဲ့ရွာဘေးမှ တာရိုးအခိုင်အမာပြုလုပ်နိုင်မှသာ ရေဘေးအန္တရာယ်ကျရောက်မှုအခြေအနေ နည်းနိုင်မယ်လို့  ဒေသခံတွေက မှတ်ချက်ပေးပြောဆိုပါတယ်။

 

ရုပ်သံ – CJ