Eleven သတင်းဌာနက အယ်ဒီတာချုပ်ဟောင်း ဦးဝေဖြိုး မူးယစ်ဂိုဏ်းခေါင်းဆောင်အဖြစ် ဖမ်းဆီးခံရ

Author ဂျိုဂျို
Categories
Published on Jul 03, 2024

Eleven Media Group မှာ အယ်ဒီတာချုပ်အဖြစ် လုပ်ဆောင်ခဲ့ဖူးသူ ဦးဝေဖြိုးကို နေပြည်တော် လယ်ဝေးမြို့နယ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်အဖြစ် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၂၅ရက်နေ မနက် ၇နာရီမှာ လယ်ဝေးမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း၊ တောင်စဉ်ဆေး စစ်ဆေးရေးစခန်းမှာ ပျဉ်းမနားဘက်ကနေ ရေနီဘက်ကို မောင်းနှင်လာတဲ့ ကားတစ်စီးပေါ်မှာ တန်ဖိုးငွေ ၂၀ဒဿမ ၁၆ဘီလီယံတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးလို့ ယူဆရတဲ့ ဆေးပြားပေါင်း ၁၃ဒဿမ ၄၄သန်းကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ဟာ ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ကိုဇေယျာကျော်နဲ့ ကိုဟိန်းကျော်မင်းကို စစ်ဆေးခဲ့ပြီးနောက်မှာ ကိုမြတ်ပိုင်သူ၊ ကိုဖြိုးစည်သူဟိန်း၊ ကိုအောင်အောင်(ခ) အောင်ကြီး၊ ဒေါ်နွယ်နီသင်း၊ ကိုရဲဒွေးလှိုင်(ခ) ဗလနဲ့ မြင့်အောင်တို့ပါ ဆက်စပ် ဖမ်းဆီးရမိခဲ့ပြီး ဒီမူးယစ်ဆေးဝါးတွေကို သယ်ယူဖို့အတွက် ဦးဆောင် ဆောင်ရွက်သူဟာ Eleven Media က အယ်ဒီတာချုပ်ဟောင်း ဦးဝေမင်းဖြိုး (ခ) အုန်းအုန်းနိုင်ဖြစ်နေတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

“ကိုဝေဖြိုးရဲ့ နာမည်အရင်းကို ဝေမင်းဖြိုးပဲ သိထားတာ အုန်းအုန်းနိုင်ဆိုတာ မသိဘူးလေ၊ ပထမတော့ ဘယ်သူလဲပေါ့ နောက်မှ ကိုဝေဖြိုးဆိုတာ သိတာ၊ သူ Eleven ကနေ မီတာခတွေ အလွဲသုံးစားလုပ်လို့ အလုပ်ထုတ်ခံလိုက်ရတာတော့ သိတယ်၊ အခုလို မူးယစ်ဂိုဏ်းခေါင်းဆောင်အဖြစ်လုပ်နေမယ် မထင်ထားဘူး၊ အရင်က ဒေါက်တာသန်းထွဋ်အောင်ရဲ့ လူယုံတစ်ဦးပဲ၊ ဒီလိုမျိုးတွေ လုပ်သွားမယ်လို့ မထင်ထားမိတာ”လို့ ဖမ်းဆီးခံရသူ ဦးဝေမင်းဖြိုးကို သိကျွမ်းသူတစ်ဦးက ပြောပါတယ်။

 

ဦးဝေဖြိုးဦးဆောင်တယ်ဆိုတဲ့ မူးယစ်ဆေးဝါးဂိုဏ်းဟာ ရှမ်းပြည်နယ်ကနေ ရန်ကုန်မြို့ကို မူးယစ်ဆေးဝါးတွေ သယ်ယူရောင်းချနေတဲ့ ဂိုဏ်းတစ်ခုဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

ဓာတ်ပုံ – pro-SAC