စစ်ကောင်စီရဲ့ စစ်ကြောရေး ဘယ်လောက် ရက်စက်သလဲ

Author Jue May
Categories
Published on Jul 03, 2024

“ဆိုက်တွဲသာဆွဲနေတာ နားကမကြားဘူး၊ သူ့ကို စကားပြောရင် နည်းနည်းကျယ်ကျယ်ပြော” ဟု အသက် ၅၀ ကျော်အရွယ် အရပ်မြင့်မြင့်ဒေါင်ကောင်းကောင်းနှင့် အမျိုးသမီးတစ်ဦးမှ လှမ်းပြောသည်။

 

ထိုအချိန်မှာ ဆိုက်တွဲကိုအရှေ့ထုတ်လာတဲ့ အမျိုးသားမှာ အသက် ၂၀ ကျော်ပတ်ခြာလည်၊ အရပ်ရှည်ရှည်၊ အသားညိုညိုနဲ့ ခေါင်းကိုငိုက်ငိုက်လေးလှုပ်ရမ်းကာ ပြုံးစိစိဖြင့် ဆိုက်တွဲငှားသူရှေ့သို့ ရောက်လာခဲ့သည်။

 

သူဟာ ၂၀၂၂ ခုနှစ် မေလက စစ်တပ်ရဲ့ အကြောင်းမဲ့ဖမ်းဆီး နှိပ်စက်ခြင်းခံရပြီးနောက် ဒုက္ခိတသဖွယ် ဖြစ်လာခဲ့ရသူဖြစ်သည်။

 

၂၀၂၂ ခုနှစ် မေလရဲ့  ည ၈ နာရီဝန်းကျင်ခန့်က သူငယ်ချင်းများနှင့် လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် သူအပါအဝင် လူငယ် လေးဦးကိုအကြောင်းပြချက်မရှိ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း မိခင်ထံမှသိရသည်။

 

ထိုအမျိုးသားသည် အသက် ၂၅ နှစ်အရွယ် ရှိပြီဖြစ်ပြီး မွေးချင်းလေးယောက်ရှိသည့်အနက် တတိယမြောက်ဖြစ်ကာ ညီမအငယ်တစ်ယောက် ရှိသည်။ သူသည် အရောင်းမြှင့်တင်ရေး ဝန်ထမ်းတစ်ဦးဖြစ်ပြီး လစာ ၃ သိန်းဝန်းကျင်ခန့် ဖြင့် လစဥ်မိဘကို ထောက်ပံ့နိုင်သူတစ်ဦးလည်း ဖြစ်ခဲ့သည်။

 

“လက်ဖက်ရည်ဆိုင်က အမြဲထိုင်ကြတယ်လေ၊ အဲ့နေ့ကတော့ ပြန်မလာပြန်မလာနဲ့ သူ့အပေါင်းအသင်းတွေဆီလိုက်မေးမှ သူအပါအဝင် လေးယောက်ပေါ့၊ လက်ဖက်ရည်ဆိုင်မှာ ဂိမ်းဆော့နေကြတာကို ကားပေါ်ဆွဲတင်ဖမ်းသွားတယ်ဆိုတော့ လိုက်ရတာပေါ့ ရဲစခန်းတွေရောအစုံပေါ့၊ အဲ့အချိန်တွေက ညမထွက်ရရှိတယ်၊ ဒါပေမယ့်စောသေးတယ်လေ” ဟု သူရဲ့ မိခင်ဖြစ်သူက ပြောသည်။

 

သူ(မ)က ဆက်လက်ပြီး “ ၄၊ ၅ ရက်ကြာသွားတယ်၊ နှစ်ယောက်ကို ၅၀၅ နဲ့အမှုဖွင့်သွားတာ၊ သားနဲ့ နောက်တစ်ယောက်က စာရင်းမပါဘူး၊ အဲ့တော့လိုက်ရင်းနဲ့ စစ်ကြောရေးမှာ ပြန်ရှာတွေ့ခဲ့တာ၊ ရိုက်ထားတာမြင်မကောင်ဘူး၊ နားအုံကွဲတယ်။ မျက်နှာတွေလဲဖူးယောင်လို့ ဆေးတော်တော်ကုလိုက်ရတယ်၊ အဲ့အရှိန်နဲ့ စကားသိပ်မပြောဘူး နားမကြားတော့ဘူးလေ ဦးနှောက်လဲပုံမှန်မဟုတ်ဘူး၊ တခါတလေလျှောက်သွားနေတာ အိမ်ပြန်မလာတက်တဲ့အထိပဲ၊ အခုနောက်ပိုင်း တော်တော်လေးကောင်းလာတာ၊ ဘေးတွဲလေးမောင်းချင်တယ်ဆိုလို့ မောင်းခိုင်းထားတာလေ စိတ်လေးပုံမှန်ပြန်ဖြစ်မလားလို့လေ” ဟု ဆိုသည်။

 

ထိုသို့ စစ်တပ်ရဲ့ လူမဆန်စွာအကြောင်းမဲ့ ဖမ်းဆီးနှပ်စက်မှုကြောင့် ဆယ်ကျော်သက်အရွယ် လူငယ်တစ်ယောက်ရဲ့ ဘဝဟာ ဆုံးရှုံးမှု ကြီးမားခဲ့ရသည်။

 

မိသားစုထဲ တစ်ဦးတည်းသားဖြစ်ခြင်းကြောင့် မိသားစုရဲ့အားလည်းဖြစ်ပေသည်။ ဖခင်ဖြစ်သူ ဆုံးပါးသွားပြီးနောက် မိခင်ဖြစ်သူနှင့် အတူ မောင်နှမ လေးယောက် ရုန်းကန်လှုပ်ရှားနေကြပြီး မိခင်နှင့် အစ်မဖြစ်သူ၏ ဝန်ကို ကူထမ်းပေးနေချိန်လည်း ဖြစ်သည်။

 

အရောင်းမြှင့်တင်ရေး ဝန်ထမ်းတစ်ဦး ဖြစ်တာကြောင့် သပ်ရပ်ကျော့ရှင်းစွာ သွားလာလှုပ်ရှားနေသည့် အမျိုးသားငယ်တစ်ဦးဟာ စစ်တပ်ရဲ့လူမဆန်စွာ အကြောင်းမဲ့ ရိုက်နှက်ခြင်း​ခံခဲ့ရတာကြောင့် စိတ်ကျန်းမာရေးမကောင်းသူ နားလေးသည့် ဒုက္ခိတ တစ်ယောက်အဖြစ် သူရဲ့ ကျန်ရှိနေတဲ့ ဘဝကို မှေးမှိန်စွာ ဖြတ်သန်းသွားရတော့မှာ ဖြစ်သည်။

 

အလားတူ ဖြစ်စဥ်မျိုး မကြာခဏဖြစ်နေခြင်းကြောင့် ရန်ကုန်မြို့တွင်း သွားလာလှုပ်ရှားနေကြရသည့် လူငယ်လူရွယ်များမှာ နေ့စဉ်စိုးရိမ်မှုများ ရှိလာ​ကြသည်။

 

အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်ခြင်းကြောင့် တချို့သောလူငယ်များမှာ သာမာန်လူများကဲ့သို့ ပြန်လည်ရပ်တည်နိုင်ခြင်း မရှိတော့ပေ။

 

ပြီးခဲ့တဲ့ လပိုင်းက အလုပ်ရုံမှ လုပ်ငန်းခွင်အတွင်း လိုအပ်သည့် လျှပ်စစ်ပစ္စည်းများ ထွက်ဝယ်သည့် အမျိုးသားတစ်ဦး ကို ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။

 

” တစ်နေကုန်ပျောက်နေတာတဲ့ ညနေရုံးဆင်းချိန်ပြန်မလာလို့ ရုံးသူ့လူတွေကို လိုက်မေးတော့ ပစ္စည်းသွားဝယ်ကတည်းက အဆက်အသွယ်မရတော့ဘူး၊ ရုံးလဲပြန်ရောက်မလာဘူး ဆိုပြီး သူ့ရုံးကလူတွေက ပြန်ပြောလာတယ်၊ အဲ့မှာ ရဲတိုင်တော့ စစ်ကြောရေးမှာ သွားရှာလို့ပြောလိုက်တယ်” ဟု ဖမ်းဆီးခံရသူ၏ မိသားစုဝင်တစ်ဦးကပြောသည်။

 

ထို့နောက်လိုက်လံ ရှာဖွေခဲ့ရာမှာ မသင်္ကာသည့် အတွက် ဖမ်းဆီးစစ်ဆေးနေခြင်းကြောင့် စစ်ကြောရေး၌ ရှိနေကြောင်း မိသားစုက စုံစမ်းသိရှိခဲ့ရသည်။

 

ပျောက်ဆုံးပြီး လေးရက်မြောက်နေ့တွင် စစ်ကြောရေးမှ ပြန်လည်ခေါ်ထုတ်နိုင်ခဲ့သော်လည်း ဖောက်ခွဲရေးသမားဟု သံသယရှိတာကြောင့် စစ်ဆေးခံရခြင်းဖြစ်ကြောင်း မိသားစုဝင် ထံမှသိရသည်။

 

” ပိုက်ဆံနဲ့ရွေးခဲ့ရတာပါ ညီမရယ်၊ သိန်း ၅၀ တဲ့၊ လူကိုလဲ ရိုက်နှက်ထားတာ စုတ်ပြတ်လို့၊ တစ်လကျော်လောက် ဆေးကုထားရတယ်၊ ဒါတောင် အခုထိ စိတ်ကပုံမှန်မဖြစ်သေးဘူး။ စိတ်ရောဂါပါပြနေရတယ်။ စကားတောင် လုံးစေ့ပတ်စေ့ မပြောတဲ့သူကို ရိုက်နှက်စစ်ရလား၊ ဘာဖောက်ခွဲရေးမှ လုပ်မနေပါဘူး” ဟု မိသားစုဝင် တစ်ဦးကပြောသည်။

 

ထိုသူမှာ ရိုက်နှက်ခံထားရတဲ့ အရှိန်ကြောင့် စိတ်ကျန်းမာရေးထိခိုက်မှုရှိခဲ့ကာ စိတ်ကျန်းမာရေးအတွက် ကုသနေရပြီး ပုံမှန်တိုင်းပြန်ဖြစ်ရန် မလွယ်ကူသေးကြောင်း ဆရာဝန်က ဆိုသည်ဟု မိသားစုဝင်ထံမှ သိရသည်။

 

စစ်ကောင်စီရဲ့ အပြစ်မဲ့ ဖမ်းဆီးရိုက်နှက်ခံခဲ့ရသူမှာ အသက် ၃၀ ကျော်အရွယ်ရှိပြီး လသားကလေးငယ်တစ်ဦး ရှိကာ မိသားစုကို ရှာဖွေကျွေးမွေးရန်ပင် မဖြစ်နိုင်သောကြောင့် မိသားစုမှာစားဝတ်နေရေး အလွန်ပင်ခက်ခဲနေရသည်။ ထိုသို့ ဖြစ်နေရသည့် အိမ်ထောင်စုပေါင်း မည်မျှရှိမည်နည်း။

 

လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့၊ စစ်ကောင်စီက နိုင်ငံတော် အာဏာကို မတရားသိမ်းယူပြီးနောက် အ​ပြစ်မဲ့ ဖမ်းဆီးနှိပ်စက်ခံရမှုပေါင်းများစွာရှိခဲ့ပြီး သေဆုံးသူများလည်း ရှိခဲ့သည်။

 

ယင်းအချိန်မှ စတင်ကာ လူငယ်များမှာ  နေရပ်ကိုစွန့်ခွာကာ ထွက်ပြေးခဲ့ကြသူများ ရှိခဲ့သလို မိသားစုနှင့် အတူနေထိုင်ပြီး ခက်ခဲကြပ်တည်းနေသည့် စားဝတ်နေရေးကို ဖြေရှင်းနေရင်းက နေ့စဥ်စိုးရိမ်စိတ်များနဲ့ ရှင်သန်နေခဲ့ကြသည်။ နေ့စဉ်ဘ၀တွေက မလွတ်လပ်မှုများ နှင့်သာ ဖြတ်သန်းနေရသည်။

 

ရန်ကုန်နေလူထုအတွက်တော့ ထိုကဲ့သို့ အပြစ်မဲ့နှိပ်စက်ခံနေရခြင်း၊ ဖမ်းဆီးခံနေရခြင်းများသည် ပတ်ဝန်းကျင်တွင် မကြာခဏဖြစ်ပေါ်နေသောကြောင့် မထူးဆန်တော့ သလိုပင်ဖြစ်နေတော့သည်။ မိမိကိုယ်တိုင်ကို မထိပါးသေး သရွေ့ နေနိုင်ကြသူများလည်း ရှိကြသည်။

 

 

သို့သော်လည်း နှိပ်စက် ညှင်းပမ်းခံရသူများနှင့် သူတို့၏ မိသားစုများအတွက်တော့ ထာ၀ရမမေ့ပျောက်နိုင်သော ဒဏ်ရာဒဏ်ချက်များဖြစ်လာသည်။

 

လတ်တလောကာလများတွင်လည်း ဖမ်းဆီးနှိပ်စက်ခံနေရသူများ ရှိနေပြီး သတင်းများပေါ်တက်လာသည့် သူများရှိသလို လူမသိသူမသိ​ ဖမ်းဆီးနှိပ်စက်ခံခဲ့ရမှု များစွာရှိနေသည်။

 

စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားလုယူပြီးနောက် လွတ်လပ်စွာအသက်ရှင်ခွင့်ကို ချိုးဖောက်ခံနေရတာဟာ အဆိုးဆုံးသော လူ့အခွင့်အရေးချိုးဖောက်ခံနေရခြင်းဖြစ်ပြီး အကြောင်းမဲ့ ဖမ်းဆီးရိုက်နှက်မှုများကြောင့်လည်း ဘဝဆုံးရှုံးခဲ့ရသည့် လူငယ်များစွာ ရှိလာခဲ့သည်။

 

ဘဝဆုံးရှုံးခဲ့ရသည့် လူငယ်တွေထဲမှာ ပါးစပ်ထဲ ကျောက်ခဲထည့်ကာ ကြမ်းပြင်နှင့် မျက်နှာအပ်ပြီး တက်နင်းခံရခြင်းကြောင့် သုံးနှစ်ကြာသည်အထိ ထမင်းမစားနိုင်သည့် အခြေအနေနှင့် အသက်ရှင်နေသည့် လူငယ်တစ်ဦးရှိ​ခဲ့သည်။

 

ထိုလူငယ်မှာ လွန်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလအတွင်းမှာ ည ၈ နာရီခန့်မှာ သူငယ်ချင်းများနှင့် အိမ်ရှေ့၌ ထိုင်နေစဥ် ဖမ်းဆီးခေါ်ဆောင်ကာ အ​ပြစ်မဲ့ နှိပ်စက်ခံခဲ့ရသည်။

 

အပြစ်မဲ့ ရက်စက်စွာ နှိပ်စက်ခံရမှုကြောင့် ၃ နှစ်ကျော်ကြာသည်အထိ ထမင်းမစားနိုင်တော့​ကြောင်း မိသားစုဝင်များထံက သိရသည်။

 

” ဘာလို့လဲ အိမ်ရှေ့မှာထိုင်နေတာ ဘာမှမလုပ်ဘူးပြောတာကို သူတို့ကို ပြန်ပြောပါတယ်ဆိုပြီး ပါးစပ်ထဲကို ခဲ(ဂဲ)တွေထည့်ပြီး မျက်နှာကိုကြမ်းပြင်နဲ့ အပ်ပြီးတက်နင်းတာလေ ဘယ်လောက်တောင်ယုတ်မာလဲဆိုတာ၊ ပြီးတော့ မြို့နယ်စခန်းမှာ တစ်ယောက် ၅ သိန်းနဲ့သွားပြန်ထုတ်ခဲ့ရတယ်” ဟု မိခင်ဖြစ်သူက ဆိုသည်။

 

ကျူးလွန်ခံရသူမှာ သွားများကြိုးခြင်း၊ သွားဖုံးများကွဲခြင်း၊ လျှာကွဲခြင်း တို့ကို ပြင်းထန်စွာ ခံစားခဲ့ရပြီး​ အစာအမာ မစားနိုင်တော့​ကြောင်း သိရသည်။

 

သို့ဖြစ်ပါ၍ ဖော်ပြပါအကြောင်းအရာများမှာ လူ့အခွင့်အရေးဆိုင်ရာ အ​ချက်တွေကို စစ်ကောင်စီမှ သိသိသာသာ ချိုးဖောက်ခံနေသည်ကို သိရှိကြရန်နှင့် လူမသိသူမသိ ကျူးလွန်ခံရသူများစွာရှိနေပြီး အသက်ဆုံးရှံးရသူအချို့ရှိခဲ့သလို အသက်မသေသော်လည်း ဘဝရပ်တည်မှု ခက်ခဲသွားသည့် ဖြစ်စဥ်များစွာရှိနေခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့ရသည်။

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်၊ စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့ပြီးနောက်ပိုင်း ၃ နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၌ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ ပြည်သူ ၄၅၀၀ ဦးကျော် နှင့် ဖမ်းဆီးထိန်းသိမ်းခံရသူ ၂၆၀၀၀ ဦးကျော် ရှိလာခဲ့ကြောင်း  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းများအရ သိရသည်။

 

ထိုမှတ်တမ်းများသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်အထိ ကောက်ယူရရှိထားသည့် စာရင်းများဖြစ်ပြီး သေဆုံးသူနှင့် ဖမ်းဆီးခံရသူဦးရေမှာ ဖော်ပြပါ ကိန်းဂဏာန်းများထက် များနိုင်သည်။

 

ဖမ်းဆီးချုပ်နှောင်ခံထားရဆဲ မှာ လူဦးရေ ၂၀၀၀၀ ကျော်ရှိပြီး ပြစ်ဒဏ်ချမှတ်ခံထားရသူများမှာ ၈၇၈၁ ဦးထိ ရှိခဲ့ကာ မျက်ကွယ်သေဒဏ် ချမှတ်ခံရသူ ၄၃ ဦးအပါအဝင် သေဒဏ်ချမှတ်ခံထားရသူ ၁၆၂ ဦး ထိ ရှိခဲ့ကြောင်း AAPP ၏ စစ်တမ်းအရသိရသည်။

 

ဒါအပြင် ပြစ်ဒဏ်ကျခံခဲ့ရပြီး  ပြန်လည်လွတ်မြောက်လာသူ ၅၉၀၀ ဦးကျော် ရှိခဲ့ပြီး ထိုသူများထဲမှလည်း မထင်လျှင်မထင်သလို ပြန်လည်ဖမ်းဆီးခံရမှုများလည်း ရှိနေဆဲဖြစ်သည်။

 

မြန်မာနိုင်ငံသားများ ကြုံတွေ့နေသည့်  ဒုက္ခများကို  နိုင်ငံတကာက လုံလောက်သော အာရုံစိုက်မှုမရရှိခြင်းကြောင့် စစ်ကောင်စီရဲ့ အာဏာသိမ်းမှု သုံးနှစ်ပြည့်လာတဲ့အချိန်မှာ ယခင်ကတည်းက မရှိခဲ့သည့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆုံးရှုံးမှုတွေဟာ အဆီးအတားမဲ့စွာ ပိုမိုကျူးလွန်လာနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ် က ပြောခဲ့သည်။

 

“ကမ္ဘာတဝန်း ပြဿနာတွေဖြစ်နေချိန်မှာ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မေ့မထားကြဖို့ အရေးကြီးပါတယ်။ မြန်မာနိုင်ငံသားတွေ ဒီဒုက္ခတွေကို ခံစားနေခဲ့ရတာ အချိန်တော်တော် ကြာလာခဲ့ပြီဖြစ်ပြီးပြည်သူတွေကို ပစ်မှတ်ထားအကြမ်းဖက်နေကျ စစ်အာဏာရှင်တွေရဲ့ နည်းဗျူဟာတွေကြောင့် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစပြီး မြန်မာနိုင်ငံက လူအခွင့်အရေးဆိုင်ရာ ပြဿနာတွေဟာ ပိုလို့ဆိုးရွားလာခဲ့ပါတယ်” ဟု မစ္စတာ တာ့ခ် ကပြောကြားခဲ့သည်။

 

ယခုနောက်ပိုင်းမှာတော့ လူငယ်တွေရဲ့စိုးရိမ်မှုကို ထပ်မံဆိုးရွားလာစေချင်မှာ အကြောင်းပြချက်မရှိဖမ်းဆီးပြီးနောက် စစ်ထဲဝင်ရန် မဲပေါက်သည် ဆိုသည့် အကြောင်းအရာမှာလည်း လူငယ်တွေရဲ့နေ့စဥ်ဘဝတွေကို ခြောက်လှန့်နေမှုကြီးတစ်ခု ဖြစ်လာခဲ့ပြန်သည်။