ဧရာဝတီမြစ်ရေတိုးလို့ မြစ်ကြီးနား ရေကြီးပြီးနောက် ချင်းတွင်းမြစ်ရေမြင့်တက်ကာ ခန္တီးနဲ့ ဟုမ္မလင်း ရေကြီးရေလျှံသတိပြုရန်လို

Author အညာသား
Categories
Published on Jul 02, 2024

ကချင်ပြည်၊ မြစ်ကြီးနားမြို့ မှာ ဧရာဝတီမြစ်ရေတက်လို့ ရေကြီးပြီးနောက် အဲဒီမြစ်လက်တက် ချင်းတွင်းမြစ်ရေ မြင့်တက်လာတယ်လို့ စစ်ကောင်စီ မိုးဇလရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့မှာ စိုးရိမ်ရေမှတ်အထက် ၅ ပေခွဲခန့် ကျော်လွန်ရောက်ရှိနေသလို ဟုမ္မလင်းမြို့မှာလည်း စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့်ကျော်လွန်ရောက်ရှိနေပြီလို့ မိုးလေဝသဌာနနဲ့ ပညာရှင်တွေက အသိပေးထားပါတယ်။

မိုးဇလရဲ့ ဒီနေ့ ဇူလိုင် ၂ ရက် မနက်ပိုင်း တိုင်းထွာချက်အရ စိုးရိမ်ရေမှတ် ၁၃၆၀ ရှိတဲ့ ခန္တီးမြို့မှာ ၁၅၂၄ စင်တီမီတာ ရောက်ရှိနေသလို စိုးရိမ်ရေမှတ် ၂၉၀၀ စင်တီမီတာရှိတဲ့ ဟုမ္မလင်းမြို့မှာ အဲဒီရေမှတ်အထက် ကျော်လွန်နေပြီလို့ သိရပါတယ်။

 

ခန္တီးနဲ့ ဟုမ္မလင်းမြို့တွေမှာ ချင်းတွင်းမြစ်ရေဟာ နောက် ၂၄ နာရီအတွင်း ၄ ပေခန့်အထိ ဆက်လက်မြင့်တက်လာနိုင်တာကြောင့် မြစ်ကမ်းဘေး မြေနိမ့်ပိုင်းနေထိုင်သူတွေ အထူးသတိပြုနေထိုင်ကြဖို့ မိုးဇလဌာနက အကြံပြုထုတ်ပြန်ထားပါတယ်။

မိုးဇလဌာနရဲ့ ထုတ်ပြန်ချက်နဲ့ မိုးလေဝသအခြေပြ ဂရပ်မြေပုံများကိုကြည့်ပြီး မိုးလေဝသပညာရှင်ဦး ဝင်းနိုင်က “ချင်းတွင်းမြစ်ဘက်အခြမ်းလည်း သတိထားကြရပါမယ်။ (ဇူလိုင်)၅ ရက်နေ့အထိ မိုးက ဆက်များနေနိုင်ပါတယ်” လို့ ၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မှတ်ချက်ပြုရေးသားထားတာ တွေ့ရပါတယ်။

 

နောက်လာမယ့် ၂၄ နာရီအတွင်း မိုးရွာသွန်းနိုင်မှု အခြေအနေတွေကို ကြည့်တဲ့အခါ ကချင်ပြည်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း အခုရေကြီးနေတဲ့ ချင်းတွင်းနဲ့ ဧရာဝတီမြစ်ဖျားဒေသတွေမှာ အများဆုံးဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

 

ကမ္ဘာ့မြစ်ကြီးများရေကြီးမှု အခြေအနေစောင့်ကြည့်တဲ့ ဂြိုဟ်တုပုံမှာ ချင်းတွင်းမြစ်ရေကတော့ တနိုင်းမှာ အနီရောင်အဆင့်ထက်မြင့်တဲ့ ခရမ်းရောင်အဆင့်အထိရောက်နေတာတွေ့ရပြီး အနီရောင်က ကလေးဝကို ကျော်တဲ့အထိရောက်နေတာ တွေ့ရတယ်လို့ ဦးဝင်းနိုင်က ရေးသားဖော်ပြထားပါတယ်။

 

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ ရေးဝန်ကြီးဌာန (MOHADM)ကလည်း ကချင်ပြည်အပါအဝင် ‌ဒေသအများစု ဇူလိုင် ၁၀ ရက်အထိ မိုးဆက်ကောင်းနိုင်တယ်လို့ ဒီနေ့ ဇူလိုင် ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

 

ချင်းတွင်းမြစ်ဟာ ဧရာဝတီမြစ်ရဲ့ အကြီးဆုံးမြစ်လက်တက်ဖြစ်ပြီး မြောက်မှတောင်သို့ စီးဆင်းကာ မိုင်ပေါင်း ၇၅၀ အထိ ရှည်လျားသလို မြင်းခြံမြို့နဲ့ ပခုက္ကူအထက်မှာ မြစ်ဝနှစ်ခုဖြင့် ဧရာဝတီမြစ်ထဲသို့ စီးဝင်တယ်လို့ သိမှတ်ရပါတယ်။

 

ဓာတ်ပုံ –  CJ

 

ပုံစာ – ခန္တီးမြို့ အောင်သာရွာရဲ့ အနိမ့်ပိုင်းတွေရေဝင်နေမှုနဲ့ ချင်းတွင်းမြစ်ရေအခြေအနေကို ဇူလိုင် ၁ ရက်က တွေ့ရစဉ်