ထိုင်းနိုင်ငံရှိ ကလေးထိန်းကျောင်းတစ်ကျောင်းကို ရဲအရာရှိဟောင်းတစ်ဦး ဝင်ရောက်ပစ်ခတ် ကလေးငယ်များအပါအဝင် လူ ၃၄ဦး သေဆုံး

Author ကိုကျော်+မောင်ဖြူ
Categories
Published on Oct 06, 2022

ထိုင်းနိုင်ငံ ၊ နက်လန်းခရိုင် ၊ နောင်ဘွားလန်ဖူး ပြည်နယ်ရှိ ကလေးထိန်း ကျောင်းတစ် ကျောင်းကို ယနေ့ အောက်တိုဘာ ၆ရက်နေ့ မွန်းလွဲပိုင်းတွင် ရဲအရာရှိဟောင်းတစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့ရာ ကလေးငယ်များ အပါအဝင် လူ ၃၄ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းရဲအရာရှိဟောင်းသည် ကလေးထိန်းကျောင်းတွင် ရှိနေသူ အားလုံးကို ပစ်ခတ်ခဲ့ပြီး နောက် ၎င်းပိုင်ကားဖြင့် ပြန်လည်ထွက်ခွာကာ လမ်းတွင်တွေ့ရှိသူများကို ကားဖြင့်ဝင်တိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားမှုအပြီး ထိုင်းရဲတပ်ဖွဲ့က ကျူးလွန်သူဟုဆိုသူမောင်းနှင်သွားသည့် ဗီဂို အမှတ်တံဆိပ် ပစ်ကပ်အမျိုးအစား လိုင်စင်အမှတ် (6499 Bangkok) ကားကို တွေ့ရှိပါက ချက်ချင်းအကြောင်းကြားရန် အမိန့်ထုတ်ပြန်ခဲ့သည်။

ယင်း ရဲအရာရှိဟောင်းသည် ၎င်း၏နေအိမ်တွင် ကားကိုမီးရှို့ခဲ့ပြီး ဇနီးနှင့်ကလေးကိုပါ သေနတ်ဖြင့်ပစ်သတ်ကာ ၎င်းကိုယ်တိုင်လည်း သတ်သေခဲ့ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် PPTVသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

သေဆုံးသူ ၃၄ဦး အနက် ကလေးငယ် ၂၃ ဦးပါဝင်ပြီး အများစုမှာ ၂ နှစ် နှင့် ၃ နှစ်အရွယ် ကလေးငယ်များဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် PPTVသတင်းဌာနတွင် ဖော်ပြထားသည်။

အဆိုပါရဲအရာရှိဟောင်းသည် ယမန်နှစ်က မူးယစ်ဆေးလက်ဝယ်တွေ့ရှိမှုကြောင့် တရားစွဲခံရပြီး ရာထူးမှ ထုတ်ပယ်ထားခံသူဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ အမျိုးသားရဲရုံး၏ ပြောရေးဆိုခွင့်ရှိသူ Aachyan Kraithongက ဒဏ်ရာရရှိသူတွေ အပါအဝင် သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေအတွက်ဝမ်းနည်း ကြောင်း ပြောကြားခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာ အသုံးပြုသူတွေအနေဖြင့် သေဆုံးသူ များ၏ ဓာတ်ပုံနှင့် ဗီဒီယိုများအား မျှဝေခြင်းမှ ရှောင်ကြဉ်ကြဖို့ တိုက်တွန်းထားသည်။

တရားခံသည် မကြာသေးမီက ရာထူးက ထုတ်ပယ်လိုက်ခံရတဲ့ ရဲအရာရှိဟောင်းတစ်ဦးဖြစ်ပြီး မည်သည့်ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်အကြမ်းဖက်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း သိရှိနိုင်ရန် ထိုင်းအာဏာပိုင်များက စုံစမ်းနေကြောင်းနှင့် တရားခံသည် ကြမ်းတမ်းသည့် အပြုအမူကို တစ်ခါမျှ မပြုလုပ်ခဲ့ဖူးသော ရဲတစ်ဦးဖြစ်ပြီး ယခင်က ပြစ်မှုကျူးလွန်ခဲ့ခြင်းလည်း မရှိကြောင်း သိရသည်။

အစိုးရ ရာထူးမှ ထုတ်ပယ်ခံရခြင်းနှင့် နာကြည်းမှုများကြောင့် ယခုကဲ့သို ပြစ်မှုကျူးလွန်ခြင်းဖြစ်နိုင်သည်ဟု မှတ်ချက်ပေးကြသလို မူးယစ်ဆေးသုံးစွဲမှု လွန်ကဲခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု ထိုင်းပြည်သူတချို့မှ ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မှတ်ချက်ပေးနေသည်များ ရှိသည်။