တီးတိန် စစ်ဘေးရှောင်များ နေရပ်ပြန်၊ မြို့ထဲ မပေါက်ကွဲသေးတဲ့ စစ်လက်နက်များတွေ့လို့ ပေါက်ကွဲမှာ စိုးရိမ်နေ

Author ဆလိုင်း
Categories
Published on Jul 02, 2024

တိုက်ပွဲငြိမ်သက်သွားတဲ့ ချင်းပြည်(မြောက်ပိုင်း)၊ တီးတိန်မြို့က စစ်ဘေးရှောင်တွေ နေရပ်ပြန်လာနေကြပြီး မြို့ထဲမှာ မပေါက်ကွဲသေးတဲ့ စစ်ကျန်ပစ္စည်း အများအပြားတွေ့ရှိတာကြောင့် ပေါက်ကွဲမှာစိုးရိမ်နေကြတယ်လို့ အဲဒီဒေသခံများထံမှ သိရပါတယ်။

 

တီးတိန်မှာ ပြီးခဲ့တဲ့ မတ်လ နောက်ဆုံးအပတ်အတွင်း ချင်းညီနောင်အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် မြို့လုံးကျွတ်နီးပါး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရာမှ ပြန်လာခဲ့ကြတာဖြစ်ပါတယ်။

 

နေရပ်ပြန်လာကြသူတွေဟာ ၎င်းတို့နေထိုင်တဲ့ နေအိမ်၊ ခြံဝန်းတွေထဲ တိုက်ပွဲအတွင်း မပေါက်ကွဲဘဲ ကျန်တဲ့ စစ်လက်နက်ပစ္စည်းတွေ တွေ့ရှိခဲ့ကြတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ကျွန်တော်တို့ ခြံဝန်းထဲမှာဆို မပေါက်ကွဲသေးတဲ့ စစ်ကျန်ပစ္စည်း နှစ်ခုတောင် တွေ့ရတယ်။ ကျွန်တော်လည်း နားမလည်တော့ မထိဘဲ ဒီအတိုင်းထားခဲ့တယ်။ ရာသီဥတုကြောင့်သော်လည်းကောင်း၊ တိရစ္ဆာန်တွေနင်းမိ၊ ထိမိလို့သော်လည်းကောင်း ပေါက်ကွဲမှာကို စိုးရိမ်နေရပါတယ်” လို့ ၎င်းက ပြောပါတယ်။

 

အဲဒီ စစ်ကျန်ပစ္စည်းတွေကြောင့် အရပ်သားပြည်သူတွေ အသက်အန္တရာယ် စိုးရိမ်နေလို့ သက်ဆိုင်ရာအဖွဲ့စည်းတွေကနေ အမြန်ဆုံး ဖယ်ရှားပေးစေလိုကြောင်း နောက်ထပ် တီးတိန်က အမျိုးသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“အခုက စစ်ဘေးရှောင်တွေ အားလုံးနီးပါး ပြန်လာကြပါပြီ။ ကလေးတွေက စူးစမ်းလေ့လာလိုချင်စိတ်နဲ့ စစ်ကျန်ပစ္စည်းတွေကို ထိတွေ့၊ ကိုင်တွယ်ချင်ကြမှာပါ။ အဲဒီခါကျရင် မလိုအပ်ဘဲ အသက်ဆုံးရှုံးမူတွေရှိလာနိုင်တယ်။ ဒါကြောင့် စစ်ကျန်ပစ္စည်းတွေ ဖယ်ပေးစေလိုပါတယ်” လို့ ၎င်းက ပြောပါတယ်။

 

မပေါက်ကွဲသေးတဲ့ စစ်ကျန်ပစ္စည်းတွေကို လွယ်ဘွာလ် ရပ်ကွက်နဲ့ မြို့မ ရပ်ကွက်၊ မြို့ပြင်တို့မှာ အများအပြား တွေ့ရှိရတယ်လို့ ၎င်းက ဆိုပါတယ်။

 

ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ တီးတိန်မြို့တွင်း တိုက်ပွဲကာလမှာ အရပ်သား နေအိမ် ၆၅ လုံးကျော် မီးလောင်ပြာကျခဲ့သလို နေအိမ်အများအပြား လက်နက်ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – CJ

 

ပုံစာ- မပေါက်ကွဲသေးတဲ့ စစ်ကျန်ပစ္စည်းတွေကို တွေ့ရစဉ်။