ဖားကန့်၊ လုံးခင်းရှိ ဆန်ခါမှော်လုပ်ကွက် ရေကြီးမြေပြိုလို့ နေအိမ် ၁၂ လုံးနဲ့ ကားတွေ ရေစီးထဲ မျောပါ

Author အညာသား
Categories
Published on Jul 02, 2024

ကချင်ပြည်၊ ဖားကန့်ဒေသမှာ မိုးများပြီး ဥရုချောင်းရေဝင်ရောက်မှုကြောင့် မနေ့ ဇူလိုင် ၁ ရက် ညနေ ၅ နာရီခွဲဝန်းကျင်က လုံးခင်းကျေးရွာရှိ ဆန်ခါမှော်လုပ်ကွက် မြေပြိုပြီး နေအိမ် ၁၂ လုံးနဲ့ ကားတွေ ရေစီးထဲ မျောပါသွားတယ်လို့ CJ Platform ရဲ့ ဒေသခံသတင်းရင်းမြစ်ထံမှ သိရပါတယ်။

 

ဆန်ခါမှော်လုပ်ကွက်ဟာ ဧက ၂၀၀ ဝန်းကျင်အကျယ်နဲ့ အနက်ပေ သုံးရာခန့်ရှိတဲ့ ဖားကန့်ဒေသရဲ့ နာမည်ကြီးမှော်ဖြစ်ပြီး စစ်ကောင်စီနဲ့နီးစပ်သူတွေပိုင်ဆိုင်တဲ့ လုပ်ကွက်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

 

“အရင်နှစ် မိုးတွင်းကာလတွေတုန်းက ဒီလိုမဖြစ်ဖူးဘူး။ ဒီနှစ်မှ ရွာဘေးက လမ်းမြေသားကိုတူးပစ်ပြီး မြေပြန်ဖို့ထားတော့ ရေကြီးတာမခံနိုင်ဘဲ ရေဝင်ပြီးချောင်းဘေးအိမ် ၁၂ လုံးနဲ့ ကားတွေ ပါကုန်တယ်” လို့ ဖားကန့်ဒေသခံသတင်းရင်းမြစ်က CJ Platform ကို ပြောပါတယ်။

 

အဆိုပါ ရေကြီးမှုကြောင့် ဖို့မြေသား ပေ ၆၀ ခန့် ပြိုကျမျောပါသွားပြီး လမ်းပန်းဆက်သွယ်ရေးပြတ်တောက်သွားခဲ့ပေမဲ့ လူအထိအခိုက်တော့ မရှိဘူးလို့ ၎င်းက ပြောပါတယ်။

 

ဖားကန့်ဒေသရဲ့ အထက်ပိုင်း ကံဆီးဒေသမှာ မိုးကြီးခြင်းနဲ့အတူ ဥရုချောင်းရေစိုးရိမ်ရေမှတ်ထက် ကျော်လွန်မြင့်တက်လာတဲ့အတွက်ကြောင့် ဇူလိုင် ၁ ရက် ညနေပိုင်းက လူနေရပ်ကွက်တချို့နဲ့ လမ်းမကြီးတစ်လျှောက် ရေကြီးရေလျှံမှုတွေ စတင်ဖြစ်ပေါ်ခဲ့ပါတယ်။

 

စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဇူလိုင် ၂ ရက် မနက်ပိုင်း ထုတ်ပြန်ချက်အရ ကချင်ပြည်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ နေရာကွက်ပြီး မိုးကြီးနိုင်ပြီး မိုးရွာဖို့ ရာခိုင်နှုန်းပြည့်ရှိတယ်လို့ ဆိုထားပါတယ်။

 

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ ရေးဝန်ကြီးဌာန (MOHADM)ကလည်း ကချင်ပြည်အပါအဝင် ‌ဒေသအများစု ဇူလိုင် ၁၀ ရက်အထိ မိုးဆက်ကောင်းနိုင်တယ်လို့ ဒီနေ့ ဇူလိုင် ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

 

 

ဓာတ်ပုံ – CJ