ဥရုချောင်းရေ စိုးရိမ်ရေမှတ်ကျော်လွန်ပြီး လုံခင်း၊ ဖားကန့်၊ ဆိုင်းတောင် ရေကြီးရေလျှံမှု စတင်ဖြစ်ပေါ်

Author အညာသား
Categories
Published on Jul 01, 2024

ကချင်ပြည်၊ ဖားကန့်ဒေသရဲ့ အထက်ပိုင်း ကံဆီးဒေသမှာ မိုးရွာသွန်းခြင်းနဲ့အတူ ဥရုချောင်းရေမြင့်တက်လာခဲ့ပြီး စိုးရိမ်ရေ မှတ်ထက် ကျော်လွန်လာတာကြောင့် လူနေရပ်ကွက်တချို့နဲ့ လမ်းမကြီးတစ်လျှောက် ရေကြီး၊ရေလျှံမှုတွေ စတင်ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ဒီနေ့ ဇူလိုင် ၁ရက် ညနေ ၃နာရီမှာ ကံဆီးဒေသရှိ ဥရု‌‌ချောင်းရေဟာ ၁၀ ပေအထိ မြင့်တက်ခဲ့ပြီး အဲဒီ ဥရုချောင်းရေမြင့်တက်လာတာနဲ့အမျှ လုံးခင်း၊ဖားကန့်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်လာတာပါ။

 

“အခု ညနေ လေးနာရီကျော်လောက်မှာပဲ ကံဆီးကြိုးတံတားကို ရေကျော်သွားပြီလို့ ကြားသိရတယ်။ ရေနောက်ထပ်ဆက်တက်လာရင်တော့ အနိမ့်ပိုင်းရပ်ကွက်တွေထဲက အိမ်တွေရဲ့ ဒုတိယထပ်လောက်ကို ရေမြုပ်နိုင်တယ်။ အရမ်းအန္တရာယ်များတဲ့အတွက် သတိနဲ့နေဖို့ လိုပါတယ် “လို့ ဆိုင်းတောင်ဒေသခံ တစ်ဦးက ပြောပါတယ်။

ဖားကန့်ဒေသမှာ ဒီနေ့ မနက်ပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းနေကာ လျှပ်စစ်မီး ပြတ်တောက်‌‌နေသလို၊ ဝိုင်ဖိုင်အင်တာနက် လိုင်းတချို့လည်း ပြတ်တောက်မှုရှိနေတယ်လို့ သိရပါတယ်။

 

နှစ်စဉ်ဖားကန့်ဒေသ မိုးရာသီကာလများမှာ ဥရုချောင်းရေ မြင့်တက်လေ့ရှိပြီး ဒီနေ့ ချောင်းရေမြင့်တက် လာမှုကြောင့် ဖားကန့် ကမ္ဘောဇဘဏ်လမ်းဆုံအထိ ရေတက်နေသလို ဌက်ပျောတော၊မရှီကထောင် ရပ်ကွက်တွေ ရေစဝင်နေပြီလို့ သိရပါတယ်။

 

ဖားကန့်ဒေသရဲ့အစ ကံဆီးဒေသမှစတင်၍ မြစ်ဖျားခံစီးဆင်းနေတဲ့ ဥရုချောင်းဟာ ရေမိုင် (၄၀)နီးပါးခန့် ရှိပြီး ဖားကန့်ဒေသတစ်ခုလုံးကို ဖြတ်သန်းစီးဆင်းကာ စစ်ကိုင်းတိုင်းရှိ ချင်းတွင်းမြစ်အတွင်းသို့ ပေါင်းဆုံစီးဝင်တယ်လို့ သိရပါတယ်။

 

မိုးရွာသွန်းမှုနဲ့ ပတ်သက်လို့ ကချင်ပြည်နယ်မှာ မိုးရွာဖို့ ရာခိုင်နှုန်းအပြည့်ရှိပြီး နေရာကွက်ပြီးလည်း မိုးကြီးနိုင်တယ်လို့လည်း မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

 

ဒီနေ့ ဇူလှိုင် ၁ရက်နေ့မှာလည်း မြစ်ကြီးနားမြို့ရဲ့ ဧရာ၀တီမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် လေးပေကျော်ရောက်ရှိနေပြီး မြစ်ကြီးနားမြို့ပေါ်အနိမ့်ပိုင်းရပ်ကွက်နဲ့ ဝိုင်းမော်မြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ စိုးရိမ်ဖွယ်ဖြစ်ပေါ်နေပါတယ်။

 

ပူတာအို၊ ဆွန်ပရာဘွမ်၊ မြစ်ကြီးနားနဲ့ ဖားကန့်၊ ကာမိုင်း၊ ကသာ၊ရွှေကူ၊ဗန်းမော်ဒေသတွေမှာ မြစ်ရေဝင်ပြီး ရေကြီးမှုအခြေအနေတွေဟာ နောက် ၃ရက်ကနေ ၄ရက်အထိ ဆက်လက်ဖြစ်ပေါ် နေနိုင်တာကြောင့် ဒေသခံတွေအတွက် အထူးသတိပြုဖို့ မိုးလေဝသပညာရှင်ဦးဝင်နိုင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ သတိပေးထားပါတယ်။

 

ဓာတ်ပုံ-လူမှုကွန်ရက် (CJ)၊ နောင်ရိုး

 

ပုံစာ – ဖားကန့်၊လုံးခင်းနဲ့ ဆိုင်းတောင်ရပ်ကွက်တွေအတွင်း ရေဝင်ရောက်မှုအခြေအနေကို မြင်ရပုံ