မတူပီမြို့မှာ စစ်ကောင်စီကင်းစင်နယ်မြေဖြစ်ပြီလို့ ချင်းညီနောင်ပြောခွင့်ရ ဆို

Author လဂွန်းအိမ်
Categories
Published on Jun 30, 2024

ချင်းပြည်တောင်ပိုင်းရှိ မတူပီမြို့ကို ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့ဝင်တွေက စစ်ကောင်စီရဲ့ ဗျူဟာကုန်းနဲ့ ခလရ (၁၄၀) တို့ကို မနေ့ ဇွန်လ ၂၉ ရက် ညပိုင်းက သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်ပြီဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က CJ Platform ကို ပြောပါတယ်။

 

“လက်ရှိမှာတော့ မိုင်းတွေ၊ လက်နက်ကြီး ကြွင်းကျန်တွေနဲ့ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံရှင်းလင်းနေပါတယ်။ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်” လို့ ၎င်းက ပြောပါတယ်။

 

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ ဟောင်ဝပ်ဇာ၊ ၁၂၀ မမ၊ ၈၁ မမ၊ ပွိုင့်ဖိုက် စတဲ့ လက်နက်ကြီးများအပြင် လက်နက်ငယ်နဲ့ ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိထားတယ်လို့ကနဦးသိထားရပြီး အသေးစိတ်ကို ထပ်မံထုတ်ပြန်ပေးသွားမယ်လို့ ဆလိုင်းယောမန်က ပြောပါတယ်။

 

မတူပီမြို့သိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်လေယာဉ်၊ Y12 လေယာဉ်တွေနဲ့ အဆက်မပျက် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာမှာ လူထိခိုက်သေဆုံးမှုမရှိခဲ့ပေမဲ့ မြို့ပေါ်ရှိ နေအိမ်တချို့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

 

ဒါ့အပြင် မတူပီမြို့သိမ်းတိုက်ပွဲမတိုင်မီ ချင်းညီနောင်နဲ့ ချင်းအမျိုးသားတပ်ဦး(CNF/CNA) တို့ကြား ဗျူဟာကုန်းနဲ့ ခလရ (၁၄၀)တို့ကို သိမ်းပိုက်နိုင်ရန် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ကာ နောက်ပိုင်းတွင် CNF/CNA ဦးဆောင်သည့် ပူးပေါင်းတပ်များကို ခုခံတိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဗျူဟာကုန်းနဲ့ ခလရ ၁၄၀ တို့ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က CJ Platform မေးမြန်းမှုကို ပြန်လည်ဖြေကြားပါတယ်။

 

မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်အဖွဲ့နဲ့အတူ မဟာမိတ်တွေဖြစ်ကြတဲ့ အာရက္ခတပ်တော် (AA)၊ Yaw Army (YA)၊ Yaw Defense Force (YDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ရက်ပေါင်း ၂၀ အကြာမှာ ‌သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – Chin Brotherhood