တီးတိန်က သိုင်းငင်းစခန်းကို ပြန်သိမ်းဖို့လုပ်တဲ့ စစ်ကောင်စီတပ် အထိနာပြီး ခရစ်ယာန်ဘုရားကျောင်းအပါအဝင် ရွာလုံးကျွတ် မီးရှို့ပြီး တပ်ဆုတ်

Author ဆလိုင်း
Categories
Published on Jun 27, 2024

ချင်းပြည်(မြောက်ပိုင်း)၊ တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာက တပ်စခန်းကို စစ်ကြောင်းထိုးလာတဲ့  စစ်ကောင်စီတပ်က ခရစ်ယာန်ဘုရားကျောင်းအပါအဝင် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးပြီး တပ်ဆုတ်သွားတယ်လို့ CDF CDM – Siyin ထံမှ သိရပါတယ်။

 

ချင်းကာကွယ်ရေးတပ် သိမ်းပိုက်ရရှိထားတဲ့ တီးတိန်-ကလေး ကားလမ်းပေါ်က သိုင်းငင်းတပ်စခန်းကို စစ်ကောင်စီက ပြန်လည်ရရှိဖို့ တစ်ပတ်ကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီး မနေ့ ဇွန်လ ၂၆ ရက်က အထိနာများခဲ့တာကြောင့် သိုင်းငင်းကျေးရွာကို မီးရှို့ဖျက်ဆီး တပ်ပြန်ဆုတ်သွားတယ်လို့ CDF CDM – Siyin တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“မနေ့က သိုင်းငင်းရွာကို စစ်တပ်က မီးရှို့ပြီး ခိုင်ကမ်းမြို့ဘက်ကို တောလမ်းနဲ့ တပ်ဆုတ်သွားပါပြီ။ စစ်တပ်က မီးရှို့လို့ သိုင်းငင်းရွာလုံးကျွတ် မီးလောင်ပြာကျသွားပါတယ်။ ဘုရားကျောင်း၊ စာသင်ကျောင်းတွေလည်း မီးရှို့ခံရပါတယ်။ ကျွန်တော်တို့ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေပြီး သိုင်းငင်းစခန်းကို အပြည့်အဝ ထိန်းချုပ်လိုက်ပါပြီ” လို့ ၎င်းက ပြောပါတယ်။

စစ်ကောင်စီက သိုင်းငင်းတပ်စခန်းကို ပြန်လည်ရရှိဖို့အတွက် ဇွန်လ ၁၈ ရက်နေ့ကစလို့ တီးတိန်မြို့မှ တပ်အင်အား ၁၀၀ ကျော်ဖြင့် သိုင်းငင်းဘက်ကို စစ်ကြောင်းထိုးလာပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပါတယ်။

 

ဒါ့အပြင် စစ်ကူအဖြစ် ကလေးမြို့ဘက်ကနေလည်း စစ်ကြောင်းတွေ ထိုးလာပြီး လမ်းတစ်ဝက်မှာ ချင်းကာကွယ်ရေး ပူးပေါင်းတပ်တွေ ပြန်လည်ခုခံတဲ့အတွက် သိုင်းငင်းဘက် မရောက်ရှိနိုင်ဘဲ ပြန်လည် ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

 

သိုင်းငင်း တပ်စခန်းကို စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်ကို Chinland Council ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လက်အောက်မှာရှိတဲ့ ချင်းအမျိုးသားတပ်မတော် (CNA) အပါအဝင် CDF Hualngoram, Vakok, KKG, Kalay SR 4 ,PDA နဲ့ CDF CDM – Siyin တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။

 

အဲဒီ တိုက်ပွဲတွင်း သိုင်းငင်းကျေးရွာအပြင် တခြားကျေးရွာ ငါးရွာက ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ-CJ

 

ပုံစာ – မီးရှို့ခံရတဲ့ သိုင်းငင်းရွာကို တွေ့ရစဥ်