အိန္ဒိယ၊ မီဇိုရမ်မှာ မြန်မာကို တင်ပို့မယ့် ကုန်တင်ကား အစီး ၁၀ဝ ကျော် ပိတ်မိနေ

Author ဆလိုင်း
Categories
Published on Jun 27, 2024

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောက်တလိုင်ခရိုင်မှာ မြန်မာပြည်ကို တင်ပို့မယ့် ကုန်တင်ကား အစီးရေ ၁၀ဝ ကျော် ပိတ်မိနေတယ်လို့ မြန်မာကုန်သည်များထံမှ သိရပါတယ်။

 

ပလက်ဝ-လောက်တလိုင် ဆက်သွယ်ထားတဲ့ ကုန်သွယ်ရေးလမ်းကြောင်းကို မီဇိုရမ်အခြေစိုက် ဗဟိုလူငယ်လိုင်အဖွဲ့အစည်းက ချင်ပြည် ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခတွေမရပ်တန့်ကြလို့ ပြီးခဲ့တဲ့ဇွန်လ ၂၄ ရက်နေ့ကစပြီး ပိတ်ထားလိုက်တာဖြစ်ပါတယ်။

 

နှစ်နိုင်ငံနယ်စပ်ရှိ ဒေသခံတွေကို အသိပေးခြင်းမရှိဘဲ အခုလို ကုန်သွယ်ရေးလမ်းကြောင်း ရုတ်တရက်ပိတ်လိုက်ခြင်းကြောင့် ကုန်ပစ္စည်းတွေ ပိတ်မိနေတယ်လို့ ကျောက်တော်မြို့နယ်မှ ကုန်သည်တစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ကျွန်တော်ပြောချင်တာက ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ပိတ်မယ်ဆို အသိပေး အကြောင်းကြားပေါ့နော်။ ဒါမှ ကျွန်တော်တို့ဘက်ကနေ ပြင်ဆင်၊ ဆောင်ရွက်စရာရှိတာ လုပ်လို့ရတာပေါ့နော်။ အခုဟာက အသိပေး အကြောင်းကြားခြင်းမရှိဘဲ လမ်းကြောင်းပိတ်လိုက်တော့ ကုန်ပစ္စည်းတွေ ပိတ်မိနေတာပေါ့နော်” လို့ ၎င်းက ပြောပါတယ်။

 

ချင်းပြည်၊ ပလက်ဝမြို့နယ်အပါအဝင် ရခိုင်ပြည် မြောက်ပိုင်းမြို့နယ်တို့ဆီ တင်ပို့မယ့် ကုန်တင်ကား အစီးရေ ၁၀ဝ ကျော်ဟာ လောက်တလိုင်မှာ ပိတ်မိနေပေမဲ့ အဲဒီ ကုန်ပစ္စည်းတွေကို လမ်းပိတ်ထားတဲ့ လိုင်လူငယ်အဖွဲ့အစည်းက ထုတ်ယူခွင့်မပေးဘူးလို့ ၎င်းက ဆိုပါတယ်။

 

ဒါ့အပြင် လိုင်လူငယ်အဖွဲ့စည်းက ပလက်ဝ-လောက်တလိုင် ကုန်သွယ်ရေး လမ်းကြောင်းကို နေ့/ညမပြတ် စောင့်ကြည့်စစ်ဆေးမှုတွေ ပြုလုပ်ပြီး အဝင်အထွက် တင်းကျပ်ထားတယ်လို့ မြောက်ဦးမြို့နယ်မှ ကုန်သည်တစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ပိတ်မိနေတဲ့ ကုန်ပစ္စည်းတွေ ကုန်တဲ့အထိ တင်သွားချင်တယ်လို့ ပြောတာ လုံးဝခွင့်မပြုဘူး။ ကိုယ့်ပစ္စည်းတွေဆိုတော့ နှမြောလို့ တင်သွားချင်တာပေါ့။ အဲဒီလမ်းကြောင်းတစ်လျောက် လိုင်လူငယ်တွေက အလှည့်ကျ စောင့်ကြည့်တယ်။ ကားတွေကိုလည်း ကုန်ပစ္စည်း တင်/မတင် စစ်ဆေးနေတယ်” လို့ ၎င်းက ပြောပါတယ်။

 

ပလက်ဝ-လောက်တလိုင် ကုန်သွယ်ရေး လမ်းကြောင်းဟာ နှစ်နိုင်ငံ တရားဝင် ဖွင့်ထားခြင်းမဟုတ်ဘဲ ဒေသတွင်း နားလည်မှုနဲ့ ဖွင့်ထားခြင်းဖြစ်တယ်လို့ ပလက်ဝမြို့နယ်ဒေသခံ ကိုခူမီးက CJ Platform သို့ ပြောပါတယ်။

 

“စစ်တပ်က ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့ကစလို့ ပလက်ဝမြို့နယ်အပါဝင် ရခိုင်ပြည်နယ်ကို ပြည်မနဲ့ ကုန်းလမ်း၊ ရေးလမ်းအားလုံးကို ပိတ်ထားလိုက်တယ်။ ပလက်ဝဒေသခံတွေက အခုပိတ်ထားတဲ့ ကုန်သွယ်ရေး လမ်းကြောင်းကနေ အခြေခံစားသောက်ကုန်တွေ ဝယ်ယူတင်သွင်းတယ်။ AA က ပလက်ဝမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်တွေကို သိမ်းပိုက်ရရှိပြီး ရခိုင်က ကုန်သည်တွေ အများအပြားဟာ အခုပိတ်ထားတဲ့ ကုန်သွယ်ရေးလမ်းကြောင်းကနေ နေ့စဉ် ရေလမ်း၊ ကုန်လမ်းကနေ ပစ္စည်းတွေ ဝယ်ယူတင်သွင်းရာကနေ စည်းကားတဲ့ ကုန်သွယ်ရေးစခန်းတစ်ခုလိုဖြစ်သွားတယ်။ အိန္ဒိယ-မြန်မာအစိုးရတွေက တရားဝင်ဖွင့်ထားတာမဟုတ်ပေမဲ့ ဒေသတွင်း ပြည်သူတွေ နားလည်မှုနဲ့ ဖွင့်ပေးခြင်းသာဖြစ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

 

အဲဒီ ကုန်သွယ်ရေး လမ်းကြောင်းကနေ မြန်မာကုန်သည်တွေဟာ နေ့စဉ် အခြေခံစားသောက်ကုန်နဲ့ လောင်စာဆီတို့ကို ဟွန်ဒါစက်လှေ အစီးရေ ၄၀ အထက်နဲ့ ကား ဆယ်စီးကျော် ဝယ်ယူတင်သွင်းတယ်လို့ ၎င်းက ဆိုပါတယ်။

 

အဆိုပါ ကုန်သွယ်ရေးလမ်းကြောင်းကို ကာလကြာရှည် ပိတ်ထားပါက ပလက်ဝမြို့နယ်အပါအဝင် ရခိုင် မြောက်ပိုင်းမြို့နယ်တွေက ဒေသခံပြည်သူတွေ စားဝတ်နေရေး အခက်တွေ့နိုင်တယ်လို့ မြန်မာကုန်သည်တွေက သုံးသပ်ပြောဆိုပါတယ်။

 

ဓာတ်ပုံ – CJ

 

ပုံစာ – ပလက်ဝ-လောက်တလိုင် ကုန်ပစ္စည်းတင်သွင်းရာနေရာကိုတွေ့မြင်ရစဉ်