မိုးကုတ် ကျပ်ပြင်က ပရဟိတသမားသုံးဦး လူနာသွားပို့ရာကနေ ပျောက်ဆုံးနေ၊ သေဆုံးပြီဟုလည်း သတင်းများထွက်ပေါ်နေ

Author အဂ္ဂ
Categories
Published on Jun 26, 2024

တအောင်းတပ်မတော်(TNLA)နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနောက်ပိုင်း ကျပ်ပြင်ရပ်ကွက်က ပရဟိတသမားသုံးဦး မနေ့ ဇွန် ၂၅ ရက် ညပိုင်းက လူနာသွား ပို့ဖို့ထွက်သွားရာကနေ ယခုအချိန်ထိ ပြန်ရောက်မလာဘဲ ပျောက်ဆုံးနေတယ်လို့ ပရဟိတအသင်းနဲ့ နီးစပ်သူတွေ ဆီကနေ သိရပါတယ်။

 

ကျပ်ပြင်ဈေးရပ်ကွက်က လောကဟိတ ပရဟိတအသင်းအဖွဲ့ဝင် ကိုကျော်တူးနဲ့ သူ့ရဲ့တူ နှစ်ဦးတို့ဟာ ရွက်ချရပ်ကွက်က လူနာကို မိုးကုတ်အရှေ့ပိုင်းက ဆေးရုံဆီသွားပို့ပြီး ပြန်အလာမှာ ပစ်သတ်ခံလိုက်ရတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

 

“လူနာပို့ပြီးပြန်အလာ ကသဲ အနောက်ကျောင်း(ဘုန်းကြီးကျောင်း)နားမှာ ပစ်ခံရတယ်တော့ ပြောကြတာပဲ။ ကားပေါ်မှာတော့ သွေးတွေအပြည့်ပဲ။ လူတွေကတော့ မတွေ့ရဘူး။ သေဆုံးတယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူး။ ဆေးရုံမှာလည်း အလောင်းတွေရှိမနေဘူး။ သူ့မိသားစုတွေကလည်း စုံစမ်းနေတုန်းပဲ” လို့ ပရဟိတအသင်းနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

လက်ရှိမှာတော့  ပတ္တမြားမြေ မိုးကုတ်ချစ်သူ (Ruby Land Lover) Facebook လူမှုကွန်ရက်ဂရုထဲမှာ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးကတော့ “ကျပ်ပြင်စျေး  လောကဟိတ ပရဟိတအသင်းမှ ကိုကျော်တူးနှင့် တူနှစ်ယောက် မနေ့ညနေ လူနာပို့ပြီးအပြန် ကားကို အပစ်ခံရပြီး သုံယောက်လုံး ပျောက်နေပါသည်။ မိသားစုမှ အတည်ပြုလိုပါသဖြင့် တွေ့ကြ မြင်ကြ သတင်းကြားကြသူများ ကူညီပေးကြစေလိုပါသည်။” ဆိုပြီး ဒီကနေ့ ဇွန် ၂၆ နေ့လယ် ၂ နာရီခွဲဝန်းကျင်မှာ အသိပေးထားတာကို တွေ့ရပါတယ်။

 

၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယလှိုင်း စတင်ပြီလို့ဆိုပြီးတဲ့နောက်ပိုင်း ရှမ်းမြောက်က ကျောက်မဲ၊ နောင်ချို မြို့နယ်တို့နဲ့ ဆက်စပ်နေတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်အတွင်းမှာလည်း TNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒီနေ့ ဇွန် ၂၆ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက လေယာဉ်သုံးကာ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

 

မိုးကုတ်မြို့အနောက်ပိုင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား အခုအချိန်ထိ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်က‌ကောင်စီရဲ့ အခြေစိုက်ရာနေရာတွေကို တော်လှန် ရေးအင်အားစုတွေက သိမ်းထားနိုင်တယ်လို့ သတင်းတွေထွက်နေပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

 

မိုကုတ်မြို့နယ်ဟာ တအောင်းတပ် TNLA ရဲ့ စစ်ရေးလှုပ်ရှားရာ တပ်မဟာ(၂)စစ်ဒေသလည်းဖြစ်ပါတယ်။

 

ဓာတ်ပုံ – လောကဟိတပရဟိတအသင်း