စစ်ကောင်စီ စစ်မှုထမ်း အပတ်စဉ် ၃ စတင်

Author ကိုထားဝယ်
Categories
Published on Jun 26, 2024

လက်နက်အားကိုးနဲ့ဖိနှိပ်နေတဲ့ စစ်ကောင်စီရဲ့ လူငယ်လူရွယ်တွေအချင်းချင်း ပြန်တိုက်ခိုင်းမယ့် ဗျူဟာသစ် စစ်မှုမထမ်းမနေရစနစ်ကို အကောင်အထည်ဖော်လာခဲ့တာ မနေ့ ဇွန်လ ၂၅ ရက်နေ့မှာ အပတ်စဉ် ၃ အထိရောက်ရှိလာခဲ့ပြီလို့ သိရပါတယ်။

 

စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်တွေနဲ့ စစ်သင်တန်းကျောင်းတွေမှာ အပတ်စဉ် ၃ ကို စတင်ဖွင့်လှစ်ပြီလို့ ဒီနေ့ ဇွန်လ ၂၆ ရက်ထုတ် ဝါဒဖြန့်သတင်းစာတွေကနေတစ်ဆင့် ထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။

အပတ်စဉ် ၃ စစ်သင်တန်းတွေကို နေပြည်တော်က နယ်မြေခံလေ့ကျင့်ရေးကျောင်း၊ မွန်ပြည်နယ်က နယ်မြေခံလေ့ကျင့်ရေးကျောင်း၊ ရန်ကုန်တိုင်းက တိုက်ကြီးနဲ့ လှည်းကူးမြို့နယ်တို့ရှိ နယ်မြေခံလေ့ကျင့်ရေးကျောင်းများ၊ ရှမ်းပြည်(တောင်ပိုင်း)ဟိုပုံးနဲ့ ပင်လောင်းမြို့တွေမှာ ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက ယခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့ညပိုင်းမှာ ၂၀၁၀ ခုနှစ် စစ်မှုမထမ်းမနေရဥပဒေကို အတည်ပြုတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

 

အဲဒီနောက် ပထမဆုံး စစ်သင်တန်းသားစုဆောင်းမှုကို မတ်လအတွင်းပြုလုပ်ခဲ့ပြီး ဧပြီလထဲမှာ အပတ်စဉ် ၁ ကို သင်တန်းသား ၅၀၀၀ ခန့်နဲ့ စတင်စခန်းသွင်းခဲ့ပါတယ်။

အဲဒီနောက် မေလ ၁၄ ရက်နေ့မှာ ဒုတိယအသုတ်ကို စတင်လေ့ကျင့်စေခဲ့ပြီး တစ်လကျော်အကြာ ဒီနေ့မှာ အပတ်စဉ် ၃ ကို စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

 

အလားတူ အပတ်စဉ် ၅ မှ စတင်ခေါ်ယူမယ်လို့ ဆိုထားတဲ့ အမျိုးသမီးစစ်မှုထမ်းတွေကိုလည်း စစ်ကောင်စီက ရန်ကုန်အပါအဝင် ၎င်းတို့ထိန်းချုပ်ထားနိုင်တဲ့ဒေသတချို့မှာ ပြီးခဲ့တဲ့လပိုင်းကတည်းက စတင်စုဆောင်းနေကြပြီဖြစ်ပါတယ်။

 

စစ်ကောင်စီရဲ့ စစ်သားစုဆောင်းရေးတွေမှာ ၎င်းတို့ခန့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး ပြည်သူလူထုအပေါ် လာဘ်စားမှု၊ ဖိနှိပ်ခြိမ်းခြောက်မှုတွေ အများအပြားလုပ်ဆာင်နေပေမဲ့ စစ်ခေါင်းဆောင်တွေက မျက်ကွယ်ပြုပေးထားပါတယ်။

 

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ရှောင်ရှားနိုင်ဖို့ လူငယ်လူရွယ်တွေဟာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို လာဘ်ထိုးတာကအစ တော်လှန်ရေးတပ်ဖွဲ့တွေထဲဝင်ရောက်ပြီး စစ်ကောင်စီကို ပြန်တွန်းလှန်တာအလယ် ပြည်ပထွက်ကြတာအဆုံး ကြိုးပမ်းအားထုတ်နေကြရပါတယ်။

 

ဓာတ်ပုံ – MOI