မိုးကုတ်မှာ စစ်ကောင်စီနဲ့ TNLA တိုက်ပွဲပြင်းထန်

Author အဂ္ဂ
Categories
Published on Jun 25, 2024

စစ်ကောင်စီနဲ့ ဟိုင်ဂင်သဘောတူညီမှုအရ အပစ်ရပ်ထားတဲ့ တအောင်းတပ် TNLA ရဲ့ တပ်မဟာ (၂)စစ်ဒေသ မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနောက်ပိုင်းမှာ ဒီနေ့ ဇွန် ၂၅ ရက်က လက်နက်ကြီးပစ်ခတ်သံတွေကြားနေရပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ အဲဒီဒေသခံများထံမှ သိရပါတယ်။

 

“အခုပစ်နေကြပြီ။ မယ်နန်းကြည်တောင်ပေါ်မှာ။ လက်နက်ကျသံတွေရောပဲ။ အဲဒီက သူငယ်ချင်းတောင် ရှောင်နေရပြီ” လို့ အဲဒီဒေသမှ ဒေသခံလူငယ်တစ်ဦးက CJ Platform ကိုပြောပါတယ်။

 

စစ်ကောင်စီတပ်ဟာ မနေ့ ဇွန် ၂၄ ရက်ကတည်းက မြို့ဦးလွင်ကျောင်း(ဘုံခုနစ်ဆင့်ဘုရား)မှာ အင်အားတွေ ထပ်တိုးချထားပြီး ဒီနေ့မှာ တိုက်ပွဲတွေစဖြစ်တယ်လို့ အဲဒီလူငယ်က ဆက်ပြောပါတယ်။

 

“အောင်သစ်လွင်ဘက်က တပ်ကူပစ်နေတာထင်တယ်။ လက်နက်ကြီးသံတွေက အဲဒီဘက်ကနေကြားနေရတာ။ အောင်သစ်လွင်က ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတာလေ။ အခု(မနက်ပိုင်း)အထိ ပစ်နေတုန်းပဲ” လို့ ၎င်းက ပြောပါတယ်။

 

“အခုတောင်ပေါ်ကနေ ပစ်နေတယ်။ အခုထိ အသံတွေကြားနေရတယ်။ နားလိုက်ပစ်လိုက်နဲ့ ဘယ်တွေပစ်နေလဲတော့မသိဘူး။ ကြောက်လို့ အိမ်အောက်ထပ်ပဲ ဆင်းနေရတယ်” လို့ မိုးကုတ်ဒေသခံ အမျိုးသမီးတစ်ဦးကလည်း သူကြုံတွေ့နေရတာကို CJ Platform ကိုရှင်းပြပါတယ်။

 

တအောင်းတပ် TNLA ရဲ့ တပ်မဟာ(၂) စစ်ဒေသထဲပါဝင်တဲ့ မိုးကုတ်မြို့နယ်တဝိုက်ကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ မကြာခဏပစ်ခတ်နေတာလို့ မနေ့က ဇွန် ၂၄ ရက်မှာ TNLA က သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – ပေးပို့

 

ပုံစာ – ဇွန် (၂၂) ရက်နေ့က မိုးကုတ်အနောက်ပိုင်း တစ်နေရာတွင် စစ်ကောင်စီရဲ့ လက်နက်ကြီး လက်နက်ကျရောက်ပေါက်ကွဲမှုကို တွေ့ရစဉ်