ရွှေပြည်သာနဲ့ သင်္ဃန်းကျွန်းမှာ ယာဉ်တိုက်မှုဖြစ်လို့ ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

Author ကိုထက်
Categories
Published on Jun 25, 2024

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ သင်္ဃန်းကျွန်းမြို့နယ်တို့မှာ ဇွန်လ ၂၂ နဲ့ ၂၃ ရက်က ယာဉ်တိုက်မှုတွေဖြစ်လို့ အမျိုးသားတစ်ဦးသေဆုံးသလို နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ လူမှုကူညီကယ်ဆယ်ရေးအသင်းများထံမှ သိရပါတယ်။

 

ဇွန်လ ၂၃ ရက်က ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ထဲမှာ အငှားယာဉ်တစ်စီး လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်မိလို့ ယာဉ်မောင်းအမျိုးသားသေဆုံးခဲ့တယ်လို့ We Love Care လူမှုကူညီစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ညဉ့်နက်အချိန်လောက်က ကျွန်တော်တို့သိရတာ။ Taxi ယာဉ်ဗျ။ ဇုန်ထဲက ဓာတ်တိုင်ကို တိုက်မိတာ။ နေရာမှာပဲ သေဆုံးသွားတယ်။ ရုပ်အလောင်းကိုတော့ အင်းစိန်ဆေးရုံးကို ပို့ပေးလိုက်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

ဒါ့အပြင် ဇွန်လ ၂၂ ရက် ညပိုင်းကလည်း သင်္ဃန်းကျွန်းမြို့နယ်၊ အသင်းတိုက်မှတ်တိုင်အနီးမှာ အိမ်စီးကားနဲ့ အငှားယာဉ်တို့တိုက်မိလို့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရခဲ့တယ်လို့ Medical လူငယ်‌များ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

“အသင်းတိုက်မှတ်တိုင် လမ်းဆုံမှာတိုက်တာ။ အဲဒီနားက ခဏခဏတိုက်တယ်ဗျ။ အခုက အိမ်စီးကားနဲ့ Taxi နဲ့တိုက်တာ။ သေဆုံးသူမရှိပါဘူး” လို့ ၎င်းက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့တုန်းကလည်း သာကေတမြို့နယ်မှာ ကားသုံးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရခဲ့ပါတယ်။

 

ဓာတ်ပုံများ – We Love Care လူမှုကူညီ‌ရေးအသင်းနဲ့ Medical လူငယ်များ လူမှုကူညီရေးအသင်း