စစ်ကောင်စီလက်အောက်ခံတွေ အိမ်ပေါ်ထိ တက်ပစ်ခတ်လို့ ဟိုပုံးက အရပ်သားနှစ်ဦးသေဆုံးဟု PNLA ဆို

Published on Jun 12, 2024

စစ်ကောင်စီနဲ့ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်တွေဟာ ရှမ်းပြည်(တောင်ပိုင်း)၊ ဟိုပုံးမြို့က အရပ်သားနှစ်ဦးကို မေလ ၁၅ ရက်နေ့ ည ၈ နာရီခန့်က ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ရဲ့ ယမန်နေ့ ဇွန်လ ၁၁ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ခွန်ကိုးနဲ့ မြေပွဲစား မောင်ဗီးတို့ ဦးဆောင်တဲ့ PNO ပြည်သူ့စစ် ဗဟိုလုံခြုံရေးတပ်ရင်းက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊ နောင်ပဖာရပ်ကွက်နေ ဖြားခွန်လှ(၅၀)နှစ်ခန့်နဲ့ ခွန်ဗွုန်း(၄၀)နှစ်ခန့်တို့ နှစ်ဦးကို နေအိမ်ပေါ်တွေထိ ဝင်ရောက်ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ PNLA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ခွန်ရိန်းယံက CJ Platform ကိုပြောပါတယ်။

 

“အဲဒီနှစ်ယောက်က သာမန်ရပ်မိရပ်ဖ တောင်သူလယ်သမားတွေ။ အများပြည်သူက အားကိုးရတဲ့ လူတွေဖြစ်ပါတယ်။ ပြည်သူ့စစ်ဆိုတာ လူမျိုးကိုကိုယ်စားပြုတဲ့ အမျိုးသားရေး တပ်ဖွဲ့လည်းမဟုတ်ဘူး။ စစ်ကောင်စီကို ကိုယ်စားပြုတဲ့ တပ်ဖွဲ့တွေပဲဖြစ်ပါတယ်။ ဒါတွေအတွက် စစ်ကောင်စီက တာဝန်ယူရပါမယ်” လို့ သူက ပြောပါတယ်။

 

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ ယခုလို သတ်ဖြတ်မှုတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ PNO ပြည်သူ့စစ်တွေက မကြာခဏ ပြုလုပ်နေပြီး သူတို့ဟာ ပညာတတ်တွေနဲ့ အများကောင်းကျိုးလုပ်နေတဲ့ တက်ကြွလှုပ်ရှားတွေကို ပစ်မှတ်ထား သတ်ဖြတ်နေတယ်လို့ ခွန်ယိမ်းယံက ပြောပါတယ်။

 

“ဒါဟာ လူမိုက်တွေရဲ့လုပ်ရပ်ပဲဖြစ်တယ်။ လူမိုက်ဆန်ဆန် လက်နက်အားကိုးပြီး အုပ်ချုပ်ချင်တာပဲဖြစ်တယ်။ ပညာရှိ၊ ပညာတတ်တွေကို သူတို့က ကြောက်တယ်။ ဒီလို လူမိုက်ဆန်ဆန် အုပ်ချုပ်တာကို ဘယ်ပညာတတ်ကမှ လက်မခံပါဘူး” လို့ သူက ဆက်ပြောပါတယ်။

 

PNO ပြည်သူ့စစ်က သတ်ဖြတ်လိုက်တဲ့ ဖြားခွန်လှဆိုသူဟာ ရပ်ကွက်အတွင်းမှာ လူငယ်လူရွယ်တွေ မူးယစ်ဆေးဝါးပပျောက်ရေး၊ စာရိတ္တပြုပြင်ရေးတွေမှာ တက်တက်ကြွကြွနဲ့ အကူအညီပေးနေတဲ့ ရပ်မိရပ်ဖတစ်ဦးဖြစ်တယ်လို့ PNLA အပြောအရ သိရပါတယ်။

 

ယခုလို လက်နက်မဲ့ အရပ်သားပြည်သူတွေကို စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က မေလကနေ ဇွန်လ ၃ ရက်နေ့အထိ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲငွေညှစ်ခြင်း၊ ရိုက်နှက်နှိပ်စက်ခြင်းတွေ ၁၀ ကြိမ်အထိပြုလုပ်ခဲ့ပြီး မြေပြင်အခြေအနေဟာ ဒီထက်ပိုနိုင်တယ်လို့ PNLA က ဆိုပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်