ဖားကန့်၊ ဆိုင်းတောင်ရွာမှာ စစ်ကောင်စီအန္တရာယ်ကြားက အင်အားရာနဲ့ချီပါဝင် လှည့်လည်ဆန္ဒထုတ်ဖော်
ကချင်ပြည်၊ ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာလမ်းကြီးပေါ်မှာ ဒီနေ့ ဇွန် ၇ ရက် မနက် ၈ နာရီခွဲခန့်က အင်အားရာနဲ့ချီပါဝင်ပြီး လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သပိတ်ဦးဆောင်သူဆီက သိရပါတယ်။
ဘယ်အာဏာရှင်စနစ်မှ အလိုမရှိ၊ အာဏာရှင် စစ်ဘီလူးကို မောင်းထုတ်ကြ၊ အမိန့်အာဏာမှန်သမျှ ဆန့်ကျင်ကြ၊ စစ်မှုထမ်း ဥပဒေအလိုမရှိ စတဲ့ကြွေးကြော်သံတွေနဲ့အတူ “သွေးမကွဲနဲ့ အာဏာရူးတွေခံနိုင်ရိုးလား” စာသားပါ ဘန်နာကိုင်ပြီး ဖားကန့်မြို့အနီး အင်အား ၁၀ဝ ခန့်နဲ့ မနက် ၉ နာရီကျော်အထိ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။
“အခုလို လုပ်နေတဲ့အချိန် စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှာ၊ နောက်တစ်ခုက ကားနဲ့ လာပြီး ဖြိုခွဲနိုင်တဲ့အခက်အခဲရှိပါတယ်။ လုံခြုံရေးကင်းချပြီး လုပ်ရပါတယ်” လို့ သပိတ်ဦးဆောင်သူက CJ Platform ကို ပြောပါတယ်။
ဒီနေ့ လှည့်လည်ဆန္ဒထုတ်ဖော်မှုကို မှော်လှည့်သပိတ်နဲ့ ဆိပ်မူသပိတ်အဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့ပြီး အခုဆန္ဒထုတ်ဖော်တဲ့ မှော်လည့်သပိတ်စစ်ကြောင်းဟာ ကချင် တစ်ပြည်လုံးမှာ တစ်ခုတည်းကျန်နေတဲ့ သပိတ်အင်အားစုဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – မှော်လှည့်သပိတ်