ပါလက်စတိုင်း ကလေးငယ်တွေဆွဲပြတဲ့ အစ္စရေးဗုံးဒဏ်ခံ ဂါဇာဒေသက သမိုင်းဝင်အဆောက်အအုံပုံများ

Author အဂ္ဂ
Categories
Published on May 29, 2024

သူတို့တွေရဲ့ စာသင်ခန်းတွေက အုတ်ကျိုးအုတ်ပဲ့တွေ ဖြစ်ကုန်တယ်။ သူတို့ရဲ့ ဆရာတွေ၊ အတန်းဖော် သူငယ်ချင်းတွေက အသတ်ခံလိုက်ရတယ်စတဲ့ ဂါဇာဒေသက ကလေးတွေ ကြုံတွေ့နေရတဲ့ ဆိုးရွားကြောက်မက်ဖွယ်ရာကိစ္စတွေဟာ ဘယ်ကလေးမျိုးကမှ မကြုံတွေ့သင့်တဲ့ အရာတွေပါ” လို့ အခုအစီအစဉ်အတွက် အဓိကထောက်ပံ့ကူညီပေးတဲ့ Christian Aids အဖွဲ့အစည်းရဲ့ အစ္စရေးနဲ့ အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းနယ်မြေတွေရဲ့ ပရိုဂရမ် မန်နေဂျာဖြစ်သူ ဂျူလီ မဟီဂမ်(Julie Mehigan)က ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းက ရာဖာမြို့မှာ ခိုလှုံနေကြတဲ့ ပါလက်စတိုင်းကလေးငယ်တွေဟာ ပါလက်စတိုင်းရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ဖို့ရည်ရွယ်တဲ့ လှုပ်ရှားမှုတစ်ခုအနေနဲ့  အစ္စရေး- ပါလက်စတိုင်းစစ်ပွဲ ခုနစ်လအတွင်းမှာ ပျက်စီးသွားတဲ့ သမိုင်းဝင်အဆောက်အအုံတွေရဲ့ပုံတွေကို ရင်သပ်ရှုမောဖွယ်ဖြစ်လောက်အောင် ဖန်တီးပြသခဲ့ကြပါတယ်။

ကလေးငယ်တွေဟာ သူတို့လက်ရှိကြုံတွေ့နေရတဲ့ ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာတွေကို အပြုံးမျက်နှာတွေနဲ့ ဖုံးကွယ်ထားပြီး အခုအချိန်မှာ ဂါဇာကအပျက်အစီးတွေအောက် ရောက်နေပြီဖြစ်တဲ့ Qasr al-Basha နဲ့ Omari ဗလီတွေကို ဆွဲထားတဲ့ အံ့မခမ်းလက်ရာတွေနဲ့အတူ ဓာတ်ပုံအရိုက်ခံခဲ့ကြပါတယ်။

ဒီအနုပညာဖန်တီးမှုတွေမှာ ပါဝင်ခဲ့ကြတဲ့ ကလေးငယ်တွေဟာ လပေါင်းများစွာအကြာမှသာ ခဲတံနဲ့ ရောင်စုံခဲတံတွေကို ကိုင်ဆောင်ခွင့်ရပြီး အနုပညာလက်ရာတွေကို ဖန်တီးနိုင်ခွင့် ရကြတာပါ။ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကိုတော့ ဗြိတိန်က ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Christian Aid အဖွဲ့က ထောက်ပံ့ကူညီခဲ့တာဖြစ်ပြီး ယဉ်ကျေးမှုနဲ့ လွတ်လပ်စွာတွေးခေါ်ခြင်းအသင်း(CFTA)လို့ အမည်ပေးထားတဲ့ ပါလက်စတိုင်းမှာရှိတဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ခုက ပစ္စည်းကိရိယာတွေကို ဖြန့်ဝေပေးခဲ့တာဖြစ်ပါတယ်။

“အခုလို လုပ်ဆောင်ပေးရတာဟာ ကလေးတွေရင်ဆိုင်ကြုံတွေ့နေရတဲ့ ဆိုးရွားလှတဲ့စစ်ပွဲကို ခဏတာပဲဖြစ်ဖြစ် စိတ်ထဲကထုတ်ပစ်လိုက်နိုင်ပြီး ကလေးဘဝကို ပြန်လည်ရရှိနိုင်ဖို့၊ သူတို့တွေရဲ့ အနုပညာလက်ရာတွေဟာ ဂါဇာဒေသရဲ့ ယဉ်ကျေးမှု အမှတ်လက္ခဏာတွေကို တစ်ခါတည်း စုစည်းပြီး ထိန်းသိမ်းသွားတတ်ဖို့နဲ့ သူတို့လေးတွေရဲ့ မျှော်လင့်ချက်လေးတွေ တစ်ဖန်ပြန်လည် ရှင်သန်လာစေဖို့အတွက် ရည်ရွယ်တာဖြစ်တယ်” လို့ Christian Aid ရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ မူဝါဒနဲ့ ထောက်ခံအားပေးရေး အကြီးအကဲဖြစ်သူ ဝီလီယမ် ဘဲ(William Bell)က ဆိုပါတယ်။

ဂါဇာမြောက်ပိုင်း အယ်လ် မော်စီ(Al-Mawsi)မြို့မှာ လူစုလူဝေးနဲ့ပွဲတွေ ကူညီစီစဉ်ပေးကာ လူထုလှုပ်ရှားဆောင်ရွက်မှု ဆော်ဩရေးတွေ လုပ်နေတဲ့ ဘူသာနီယာ အယ်လ် ဖာကွာဝီ(Buthaina al-Faqawi)က အခုပွဲကို တက်ရောက်လာတဲ့ ကလေးတွေရဲ့ ပြောင်းလဲသွားမှုတွေကို မျက်မြင်တွေ့ရှိခဲ့ရတဲ့အတိုင်း အခုလိုပဲ ပြန်ပြောင်းပြောပြပါတယ်။

“ပထမဆုံး သူတို့ဆီမှာ စပြီးမြင်ရတာက စိတ်ပျက်အားငယ်မှုတွေနဲ့ ဝေဒနာတွေနဲ့ပါ။ နောက်တော့ သူတို့တွေ မျှော်လင့်ချက်ရောင်ခြည်သန်းလာတာကို မြင်ရတယ်၊။ အဲဒီနောက်တော့ ဘဝကို ချစ်ခင်နှစ်သက်လာမှုနဲ့ ကလေးဘဝကို ပြန်ရောက်ရှိလာတာကို မြင်ရပါတယ်။ ကျွန်မမေတ္တာရပ်ခံချင်တာကတော့ ကျွန်မတို့တွေဟာ ရှင်သန်ဖို့ ထိုက်တန်ပါတယ်။ ဒီထက်ပိုကောင်းတဲ့အခြေအနေကို ပိုင်ဆိုင်ရဖို့လည်း ထိုက်တန်ပါတယ်” လို့ သူမက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ(၇)ရက်နေ့ကစတင်ခဲ့တဲ့ အစ္စရေး- ပါလက်စတိုင်းတို့ရဲ့ စစ်ပွဲအတွင်းမှာ ယဉ်ကျေးမှု အမွေအနှစ် စုစုပေါင်း (၄၃) ခုအထိ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (UNESCO)က ယခုနှစ် ဧပြီလ အစောပိုင်းမှာ စစ်ဆေးအတည်ပြုနိုင်ခဲ့ပါတယ်။

ပျက်စီးဆုံးရှုံးခဲ့တဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေထဲ ဘာသာရေးဆိုင်ရာ နေရာ(၁၀)ခု၊ သမိုင်းနှင့် အနုပညာဆိုင်ရာ အဆောက်အအုံ (၂၄)ခု၊ ရွှေ့ပြောင်းနိုင်တဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ သိုလှောင်သိမ်းဆည်းထားရာ နေရာနှစ်ခု၊ အထိမ်းအမှတ် အဆောက်အအုံသုံးလုံး၊ ပြတိုက် တစ်ခုနဲ့ ရှေးဟောင်းသုတေသနနေရာ သုံးခုတို့ ဖြစ်တယ်လို့ သိရပါတယ်။

UNESCO အဖွဲ့အစည်းက လက်ရှိဖြစ်ပွားနေဆဲဖြစ်တဲ့ ပဋိပက္ခတွေရဲ့ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းတွေအပေါ် အကျိုးသက်ရောက်မှုကို “အထူးစိုးရိမ်မိကြောင်း” ဖော်ပြထားပြီး ပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူတွေ အားလုံးအနေနဲ့ နိုင်ငံတကာ ဥပဒေတွေကို တိတိကျကျ လေးစားလိုက်နာကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

(*ပြထားတဲ့ နာမည်တွေဟာ လုံခြုံရေးအရ နာမည်ပြောင်းလဲ သုံးစွဲထားခြင်းဖြစ်ပါတယ်။)

ဓာတ်ပုံ – [Christian Aid/CFTA] (ပုံတစ်ပုံစီရဲ့ အောက်မှာ ပုံစာညွှန်းတွေ ထည့်သွင်းဖော်ပြထားပါတယ်။)

 

ကိုးကား – Al Jazeera