ထိုင်းမှာ အာဏာသိမ်းမှုတွေ ထပ်မဖြစ်စေရေး ဖွဲ့စည်းပုံ ပြန်လည်ရေးဆွဲမယ်လို့ အာဏာရပါတီဆို

Author လင်းနွေဦး
Categories
Published on May 24, 2024

ထိုင်းနိုင်ငံမှာ အာဏာသိမ်းဖြစ်စဉ်တွေ နောက်ထပ်မပေါ်ပေါက်လာစေရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ရေးဆွဲမယ်လို့ လက်ရှိ အာဏာရ ဖွေထိုင်းပါတီ(Pheu Thai Party)က ထုတ်ပြန်ပြောဆိုကြောင်း Bangkok Post မီဒီယာက ယမန်နေ့ မေလ ၂၃ ရက်နေ့မှာ ဖော်ပြပါတယ်။

 

ဖွေထိုင်းပါတီအနေနဲ့ စစ်ဗိုလ်ချုပ် ပရာရွတ် ချန်အိုချာ(Prayut Chan-o-cha)ရဲ့ ၂၀၁၄ ခုနှစ် မေလ ၂၂ ရက်နေ့မှာ အာဏာသိမ်းမှု ၁၀ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ထုတ်ပြန်ချက်ကို ထုတ်ခဲ့တာဖြစ်ပြီး အဲဒီထဲ အာဏာသိမ်းမှုတွေဟာ တရားမဝင်၊ ဒီမိုကရေစီကို နှောင့်ယှက်ဖျက်ဆီးပြီး တိုင်းပြည်ရဲ့ ရှေ့ဆက် အခွင့်အရေးတွေအတွက် ထိခိုက်စေတယ်လို့ ထည့်သွင်းဖော်ပြထားတာပါ။

 

ပါတီအနေနဲ့ ဘယ်လိုအာဏာသိမ်းမှုမျိုးမဆို လက်မခံတဲ့အပြင် ရွေးကောက်ခံအစိုးရအတွက် ထိခိုက်စေမယ့် စစ်တပ်ရဲ့ ဘယ်လိုအပြုအမူမျိုးကိုမျှ လက်ခံမှာမဟုတ်ကြောင်း၊ အာဏာသိမ်းမှုကို လုပ်ဆောင်သူတွေအတွက်လည်း ထောက်ခံမှာမဟုတ်ကြောင်း ဖွေထိုင်းပါတီက ဆိုပါတယ်။

 

“အနာဂတ်မှာ အာဏာသိမ်းမှုတွေထပ်မဖြစ်လာစေဖို့ အစိုးရသက်တမ်းမကုန်ခင်မှာ ဖွဲ့စည်းပုံအသစ်ကိုရေးဆွဲမှာဖြစ်ပါတယ်။ ပါတီအနေနဲ့လည်း ဒါကို လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ထားပါတယ်” လို့ ဖွေထိုင်းပါတီ ဒုဥက္ကဋ္ဌ ချူဆက် ဆီရီနယ် (Chusak Sirinil)က ထိုင်းဒေသတွင်းသတင်းမီဒီယာများကို ပြောကြားပါတယ်။

 

၂၀၁၄ အာဏာသိမ်းမှုအပြီးမှာ ရေးဆွဲထားတဲ့ ၂၀၁၇ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲမှာဖြစ်တဲ့အပြင် အာဏာသိမ်းမှုတွေကို လက်မခံနိုင်အောင်ပါ ကြိုတင်ပြင်ဆင်တဲ့ ဥပဒေတွေထည့်သွင်းမှာဖြစ်ကြောင်း၊ အာဏာသိမ်းခေါင်းဆောင်တွေကို နိုင်ငံရဲ့အာဏာပိုင်တွေလို့ ထင်မြင်မှုဟာ မှားယွင်းပြီး တိုင်းပြည်ကို အုပ်ချုပ်ခွင့်ပေးတာဟာ မဖြစ်သင့်ကြောင်း၊ ပြည်သူတွေအနေနဲ့လည်း ဆန့်ကျင်ရန်လိုအပ်ကြောင်း ဖွေထိုင်းပါတီ ဒုဥက္ကဋ္ဌက ဖြည့်စွက်ပြောကြားထားပါသေးတယ်။

 

လက်ရှိ ထိုင်းနိုင်ငံရေးအခင်းအကျင်းမှာတော့ ထိုင်းအထက်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေတဲ့ ထိုင်းစစ်ဗိုလ်ချုပ်တွေဟာ လက်ရှိ ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်ကို ကျင့်ဝတ်ပိုင်းဆိုင်ရာ ဖောက်ပြားမှုတွေရှိနေတယ်လို့ စွပ်စွဲပြောဆိုထားပြီး ရာထူးကနေ ယာယီဆိုင်းငံ့ထားဖို့ ထိုင်းဖွဲ့စည်းပုံတရားရုံးထံ ပြီးခဲ့တဲ့အပတ်အတွင်း အသနားခံစာပေးပို့ထားတာဖြစ်တာကြောင့် အဆိုပါစာနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ကို ဖွဲ့စည်းပုံခုံရုံးက မေ ၂၃ ရက် ကြာသပတေးနေ့မှာ စစ်ဆေးဖို့လုပ်ဆောင်ခဲ့ပါတယ်။

 

ဒါ့အပြင် ပြီးခဲ့တဲ့လအတွင်းမှာပဲ ထိုင်းနိုင်ငံကာကွယ်ရေး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ ကာကွယ်ရေးကောင်စီဘက်လည်း အာဏာသိမ်းဖို့ ကြံစည်နေတဲ့ ထိပ်တန်းအရာရှိတွေကို ဝန်ကြီးချုပ်က ရာထူးကနေ ဖယ်ရှားနိုင်တဲ့ လုပ်ပိုင်ခွင့်အာဏာရရှိဖို့ ဖွဲ့စည်းပုံခုံရုံးကို အဆိုတင်သွင်းခဲ့တာကို အတည်ပြုပေးခဲ့ပါတယ်။

 

ဓာတ်ပုံ – ABC13.com

 

ပုံစာ – ပြီးခဲ့တဲ့ ထိုင်းအာဏာသိမ်းမှုအတွင်း ဆန္ဒပြပြည်သူတွေနဲ့ ထိုင်းစစ်တပ်က တပ်ဖွဲ့ဝင်အချို့ကို တွေ့မြင်ရစဉ်