ရွှေလုပ်ငန်းရှင်တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်

Author ကိုထားဝယ်
Categories
Published on May 17, 2024

စစ်တပ်က အာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလဖြစ်တဲ့ ဒီနှစ်ထဲ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အားလုံးဟာ အဆိုးရွားဆုံးအခြေအနေကို ရောက်ရှိနေတာပါ။ အခုဆိုရင် ရွှေဈေး၊ နိုင်ငံခြားငွေဈေး၊ စက်သုံးဆီဈေးတွေအားလုံး စံချိန်တင် မြင့်တက်နေတဲ့အနေအထားဖြစ်ပါတယ်။ အခုဆိုရင် ရွှေဈေးကွက်ထဲ သမိုင်းတစ်လျှောက် တစ်ကြိမ်တစ်ခါမျှ မရောက်ရှိဖူးတဲ့ အခေါက်ရွှေတစ်ကျပ်သား ကျပ်သိန်း ၅၀ ကျော်အထိ မြင့်တက်လာခဲ့ပြီဖြစ်ပါတယ်။ ဒီလိုဈေးနှုန်းမြင့်တက်လာရတာ ဘာကြောင့်ပါလဲ။ ဒီအချိန်မှာ ရောင်းမှား၊ ဝယ်မှားမဖြစ်အောင် ဘယ်လိုလုပ်မလဲ။ စစ်ကောင်စီရဲ့ အဖမ်းအဆီးအခြေအနေတွေကရော ဘယ်လိုရှိနေပါသလဲ။ ဝါရင့် ရွှေကုန်သည်တစ်ဦးလည်းဖြစ်၊ ရွှေအကြောင်းအသိပညာပေးနေသူ တစ်ဦးကို CJ Platform သတင်းဌာနက ဆက်သွယ်မေးမြန်းထားတာတွေကို ကောက်နုတ်ဖော်ပြအပ်ပါတယ်။

 

ကိုထားဝယ်

 

မေး။ အခုက ရွှေဈေးက တော်တော်တက်နေတာပေါ့နော်။ ဒီနေ့ရော ဘယ်လောက်ရှိလဲသိချင်ပါတယ်။

ဖြေ။ ဒီနေ့လည်း သိန်း ၅၀ ပဲ။ တစ်သောင်းလောက် အပေါ်ရောက်လိုက်၊ တစ်သောင်းလောက် အောက်ရောက်လိုက်ပေါ့နော်။ အဲဒီဝန်းကျင်ပါပဲ။ (သိန်း) ၅၀ ပဲ ပြောရမှာပေါ့။

 

မေး။ ဘာလို့ ဒီလောက်အထိတက်လာတာလဲ။ ဘယ်လိုကြောင့်လို့ ပြောလို့ရပါသလဲ။

ဖြေ။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့ရွှေဈေးတက်တာရယ်၊ ဒေါ်လာဈေးတက်တာရယ် ဒီနှစ်ခုဆုံသွားတာပေါ့နော်။ ဒီနှစ်ခုဆုံသွားလို့ သိန်း ၅၀ နဲ့ စံချိန်ချိုးသွားတာပေါ့။

 

မေး။ ကမ္ဘာ့ရွှေဈေးအခြေအနေကရော မနေ့ကနဲ့ ဒီနေ့အခြေအနေ ဘယ်လိုကွာခြားမှုတွေရှိနေပါသလဲ။

ဖြေ။ ကမ္ဘာ့ရွှေဈေးကလည်း (တစ်အောင်စကို အမေရိကန်ဒေါ်လာ)၂၄၀၀ နီးပါးကိုဖြစ်သွားတယ်။ အရင် ၂၃၀၀ လောက်ပဲရှိတာလေ။ ၂၄၀၀ နီးပါးကို ဒီတစ်ရက်နှစ်ရက်အတွင်းကို တက်သွားတာ။ ဒေါ်လာဈေးကလည်း (တစ်ဒေါ်လာ)၄၀၀၀(ကျပ်) ကျော်သွားတာပေါ့နော်။ ဒီနှစ်ခုတိုက်ဆိုင်သွားတာပေါ့နော်။

 

မေး။ လက်ရှိ အရောင်းအဝယ်မှာ ရွှေတုံးနဲ့ ရွှေထည် အရောင်းအဝယ်က ဘယ်လိုအခြေအနေရှိပါသလဲ။

ဖြေ။ အရောင်းအဝယ်အခြေအနေက ပါးတယ်။ ဆိုင်တွေလည်း ပါးတယ်။ အတုံးအရောင်းအဝယ်တွေလည်း ပါးတယ်။ သိပ်မရောင်းရဘူး။ ရောင်းတဲ့လူ၊ ဝယ်တဲ့လူတွေ ပါးကြတယ်။ ပြီးတော့ အဖမ်းအဆီးရှိမှာလည်း ကြောက်ကြတယ်ပေါ့နော်။ ဈေးတွေတအားတက်တော့။

 

မေး။ လတ်တလော အဖမ်းအဆီးအခြေအနေရော ဘယ်လိုများကြားပါသလဲ။

ဖြေ။ အခုချိန်ထိတော့ မရှိသေးဘူး။ ဒါပေမဲ့ လူတွေ(လုပ်ငန်းရှင်နဲ့ ရောင်း/ဝယ်သူ)အားလုံးကတော့ လန့်နေကြတာပေါ့။

 

မေး။ အဖမ်းအဆီးဝင်လာရင်ရော ဈေးကျသွားနိုင်ခြေရှိပါသလား။ ဘယ်လိုသုံးသပ်လို့ရနိုင်ပါသလဲ။

ဖြေ။ ခါတိုင်းလည်း ဈေးတက်ရင်တော့ အဖမ်းအဆီးတွေဝင်လေ့ရှိတယ်။ ဝင်ရင်လည်း ကျလေ့တော့မရှိပါဘူး။ သူ့ဘာသူ အဖမ်းအဆီးရှိရင်လည်း ရှိတာပဲရှိတာ။ ဈေးတွေကတော့ သူ့ဟာနဲ့သူဖြစ်နေတာပါပဲ။

 

မေး။ အဲဒီလိုဆိုတော့လေ အခုလက်ရှိ ရွှေဈေးကလည်း သမိုင်းတစ်လျှောက်အမြင့်ဆုံးကို ရောက်နေတာဆိုတော့…

ဖြေ။ ဒါပေါ့။ ဒါပေါ့။ အမြင့်ဆုံးပဲ။

 

မေး။ ဝယ်ယူမယ့်သူတွေကို ဘယ်လိုအကြံပြုလို့ရမလဲခင်ဗျ။

ဖြေ။ အကြံပေးရတာ အရမ်းခက်နေတဲ့အနေအထားပေါ့နော်။ အရမ်းကို တက်လည်း တက်နိုင်သလို ပြန်လည်း ကျနိုင်တယ်။ အပြောင်းအလဲတွေက အများကြီးဖြစ်နိုင်တယ်ဆိုတော့ အကြံပေးရ ခက်နေတဲ့အနေအထားဖြစ်နေတယ်။

 

မေး။ ရောင်းမှားဝယ်မှားမဖြစ်ရအောင်ရော ဘယ်လိုပြောလို့ရနိုင်ပါသလဲ။

ဖြေ။ ရောင်းမှားဝယ်မှားမဖြစ်ရအောင်လို့တော့ အခြေအနေကို ငြိမ်အောင်စောင့်ကြည့်နေပါ။ ရောင်းမယ့်လူရော၊ ဝယ်မယ့်လူရော အခြေအနေငြိမ်တဲ့အထိ စောင့်ကြည့်နေပေါ့။ ဒါဆိုရင်တော့ နည်းနည်းအမှားအယွင်းနည်းမှာပေါ့နော်။

 

မေး။ အခုလက်ရှိ သမိုင်းတစ်လျှောက် စံချိန်တင်ရွှေဈေးနဲ့ပတ်သက်ပြီးတော့ရော ဘာပြောချင်တာများရှိပါသလဲ။

ဖြေ။ အခြေအနေမကောင်းဘူးပဲပြောရမှာပေါ့။ အခြေအနေမကောင်းဘူး။ အရောင်းအဝယ်တွေလည်း မကောင်းဘူးပေါ့နော်။ အဲဒီလိုပဲ ပြောလို့ရပါတယ်။