ရန်ကုန်၊ ကမ္ဘာအေးဘုရားလမ်းပေါ် အမျိုးသားတစ်ဦး လဲကျသေဆုံး

Author ကိုထက်
Categories
Published on May 17, 2024

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းမပေါ်မှာ သက်လတ်ပိုင်း အမျိုးသားတစ်ဦး ရုတ်တရက်လဲကျသေဆုံးခဲ့တယ်လို့ မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်းဆီက သိရပါတယ်။

 

မနေ့ မေလ ၁၆ ရက် ညနေ ၄ နာရီလောက်က ကမ္ဘာအေးဘုရားလမ်းမပေါ် ၁၀၆ မှတ်တိုင်အနီးမှာ ဖြစ်ပွားခဲ့တာပါ။

 

“မနေ့ညနေ ၄ နာရီလောက်က ကျွန်တော်တို့ဆီ အမျိုးသားတ‌စ်ယောက်လဲကျနေတယ်လို့ ဖုန်းဆက်လာလို့ ကူညီခဲ့တာဗျ။ ရောက်တော့ အသက်ကမရှိတော့ဘူး။ ဘာကြောင့်ရုတ်တရက်လဲကျသေဆုံးလဲတော့ မသိဘူးပေါ့နော်” လို့ မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

 

အခုလို လဲကျသေဆုံးတာဟာ အပူလွန်ကဲဒဏ်(Heat Stroke)ကြောင့် ဖြစ်နိုင်တယ်လို့ မြင်တွေ့ခဲ့ရသူတချို့က မှတ်ချက်ပေးပါတယ်။

 

“အဲ‌ဒီအချိန်က အရမ်းပူနေတဲ့အချိန် ကျနေကြီးပူနေတဲ့အချိန်ဆိုတော့ ကျွန်တော်ထင်တာတော့ Heat Stroke ကြောင့်ပဲထင်တယ်ဗျ” လို့ အဲဒီနေရာမှာ မျက်မြင်တွေ့ခဲ့သူတစ်ဦးက ပြောပါတယ်။

 

ရန်ကုန်မှာ အပူဒဏ်ကြောင့် ရုတ်တရက်သေဆုံးတာတွေ ပြီးခဲ့တဲ့ လပိုင်းတွေကတည်းက ရှိခဲ့တာပါ။ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာကို ရန်ကုန်မှာ အပူဒဏ်ကြောင့် သေဆုံးသူ လေးဦးအထိ ရှိခဲ့ပါတယ်။

 

ဒါ့အပြင် မန္တလေးမြို့မှာလည်း အပူဒဏ်ကြောင့် သေဆုံးသူတွေ များပြားခဲ့ပြီး မနေ့ ၁၆ ရက် နေ့လယ်ပိုင်းမှာ မဟာအောင်မြေမြို့နယ်၊ ၈၄ လမ်းနဲ့ ၃၇ လမ်းထောင့်မှာ အဖွားအိုတစ်ဦး Heat Stroke ကြောင့် ရုတ်တရက်လဲကျလို့ မဏီစလလူမှုကူညီရေးအသင်းက အရေးပေါ်ဆေးခန်းကို ပို့ဆောင် ကုသပေးခဲ့ရပါတယ်။

 

နိုင်ငံတစ်ဝှမ်း ဒီနှစ် အပူချိန်မြင့်တက်မှုဟာ သမိုင်းတစ်လျှောက်စံချိန်တင်ဖြစ်ခဲ့ကာ မြန်မာ့အပူဆုံး မကွေးတိုင်း၊ ချောက်မြို့ဟာ ကမ္ဘာ့အပူဆုံးအဖြစ် အပူချိန် ၄၈ ဒသမ ၂ နဲ့ စံချိန်ဝင်ခဲ့ပါတယ်။

 

ဓာတ်ပုံ – မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်း