ဗဟန်း ထ ၂ က ကျောင်းသူ ၁၀ဝ လောက် ဘုရင့်နောင်စစ်ကြောရေးထိ စစ်သင်တန်းသားတွေကြိုဆိုဖို့ ခေါ်ဆောင်ခံရ
လင်းပင်မင်းသားကြီး တက်ရောက်ခဲ့တဲ့ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်မှာရှိတဲ့ အထက(၂)ဗဟန်း (နန်ယန်ကျောင်း)က ကျောင်းသူ မိန်းကလေး ၁၀ဝ လောက်ဟာ စစ်မှုထမ်းအပတ်စဉ်(၂) သင်တန်းသားတွေကို ဘုရင့်နောင်စစ်ကြောရေးအထိ ခေါ်ဆောင် ကြိုဆိုခိုင်းခံခဲ့ရတယ်လို့ ကြိုဆိုပွဲသွားရောက်ခဲ့ရတဲ့ ကလေးမိဘတွေဆီကနေ သိရပါတယ်။
မနေ့ မေလ ၇ ရက် နံနက်(၇)နာရီလောက်ကျောင်းကိုလာရောက်ဖို့ ကျောင်းအုပ်ဆရာမကြီးက ကျောင်းသားမိဘတွေဆီ ဖုန်းဆက် ခေါ်ဆိုခဲ့ပေမဲ့ ဘာကြောင့်ခေါ်ဆိုတယ်ဆိုတာကိုတော့ မရေမရာပြောပြီး ခေါ်ခဲ့တာလို့ မိဘတွေက ဆိုပါတယ်။
စစ်ကောင်စီ စစ်သင်တန်း အပတ်စဉ် ၂ ကြိုဆိုရေးအတွက် ခေါ်ဆောင်တာမျိုးလို့ ကျောင်းအုပ်ကြီးက မပြောတဲ့အတွက် မိဘတွေလည်း မသိခဲ့ရဘူးလို့ ဆိုပါတယ်။
“မနက် ၇ နာရီလောက်ထဲက သွားပို့ခဲ့တာ။ ဘာလုပ်မယ်ဆိုတာကို သူတို့လည်း မသိသလို ကျွန်မလည်းမသိဘူး။ ဒီအတိုင်း ကျောင်းမှာထားခဲ့လိုက်တာ။ ပြန်လာမှ သူတို့ပြန်ပြောမှ သိရတာ။ ဆရာမတွေက ဖုန်းတွေကိုလည်း သိမ်းသွားတယ်” လို့ ကျောင်းသူမိဘတစ်ဦးက CJ Platform ကိုပြောပါတယ်။
ကျောင်းတက်ရာသီမဟုတ်ပေမဲ့ ဖွင့်ပွဲအခမ်းအနားတို့၊ ဖဲကြိုးဖြတ်ပွဲနဲ့ အခြား အခမ်းအနားတွေမှာ နန်ယန်ကျောင်းက ကျောင်းသူ/သားတွေကို ခေါ်ယူလေ့ရှိတာဖြစ်တဲ့အတွက် အခုလို ကျောင်းကိုလိုက်ပို့ပေးခဲ့တာဖြစ်တယ်လို့ ကျောင်းသားမိဘအချို့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
နန်ယန်ကျောင်းက ကျောင်းသူတွေက အပတ်စဉ်(၂)စစ်မှုထမ်းကြိုဆိုပွဲကို ဘုရင့်နောင်စစ်ကြောရေးအထိသွားပြီး ပန်းကုံးစွတ်တာ၊ သပြေပန်း ကမ်းတာနဲ့ အဝတ်အိတ်တွေ ကမ်းပေးခဲ့ရတာမျိုးတွေ လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
အခုလို ကျောင်းသူတွေကို ခေါ်ဆောင်ခဲ့ရာမှာ ကျောင်းအုပ်ကြီးက မိဘတွေဆီ တိုက်ရိုက်ဆက်သွယ်ခေါ်ဆောင်ခဲ့တာဖြစ်ပြီး အတန်းချုပ် ဆရာမပင် ဒီအကြောင်း မသိဘူးလို့ ကျောင်းသူမိဘတွေက ဆိုပါတယ်။
အဲဒီကျောင်းက ကျောင်းအုပ်ဆရာမကြီးဟာ စစ်ကောင်စီရဲ့ စစ်တပ်အသိုင်းအဝိုင်းကလို့ သိထားရပြီး ဗိုလ်မှူးကတော်တစ်ဦးလို့ဆိုကြပေမဲ့ ဒါကို CJ Platform အနေနဲ့ သီးခြားအတည်ပြုနိုင်တာမျိုးမရှိသေးပါဘူး။
ကျောင်းအုပ်ဆရာမကြီးဟာ ကြိုဆိုပွဲဆီ Grade 8, 9, 10, 11 အတန်းတွေက ကျောင်းသူမိန်းကလေးတွေကိုပဲ ရွေးချယ်ခေါ်ယူခဲ့တာပါ။ ကြိုဆိုပွဲမှာလည်း တခြားကျောင်းက ကလေးတွေပါဝင်တာမျိုး မတွေ့ရဘဲ ကျန်သူများမှာ အရပ်ဝတ်များသာပွဲတက်ခဲ့ကြတယ်လို့ ကျောင်းသူတွေက မိဘတွေကို ပြန်ပြောပြခဲ့ပါတယ်။
ကနောင်မင်းသားကြီးရဲ့ အငယ်ဆုံးသားတော် လင်းပင် မင်းသားကြီး တက်ရောက်ခဲ့တဲ့ နန်ယန်ကျောင်းမှာ အစဉ်အလာများစွာရှိခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ တစ်နိုင်ငံလုံး ပထမရရှိခဲ့တဲ့ကျောင်းဖြစ်ပါတယ်။
အာဏာသိမ်းစဉ်ကာလအတွင်းကလည်း နန်ယန်စစ်ကြောင်းအဖြစ်ပါဝင်ခဲ့ပေမဲ့ စစ်ကောင်စီလက်ထပ် ကိုဗစ်ကာလထဲ ကျောင်းအုပ်က နန်ယန်ကျောင်းကို အသုံးပြုခွင့်ပေးခဲ့လို့ မကျေနပ်မှုတွေ ပေါ်ထွက်ခဲ့ပါသေးတယ်။
စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းဥပဒေကို ဒီနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အတည်ပြုခဲ့ပြီး အပတ်စဉ် ၁ ကို မတ်လထဲ ခေါ်ယူသင်တန်းပေးခဲ့တာပါ။ အခုတော့ ဒုတိယ အပတ်စဉ်အတွက် လူစုဆောင်းခြင်းကို စစ်ကောင်စီထိန်းချုပ်ထားနိုင်တဲ့ဒေသတွေမှာ စစ်ကောင်စီတပ်သားတွေနဲ့ လက်အောက်ခံ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေပူးပေါင်းပြီး အကျယ်တဝင့်လုပ်ဆောင်နေကြပါတယ်။ အဲဒီလိုလုပ်ဆောင်ရာမှာ လာဘ်စားမှုတွေလည်း ဖြစ်ပေါ်နေပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – ၂၀၁၈ ခုနှစ်အတွင်း နန်ယန်ကျောင်းမှ ကျောင်းသူအချို့ကိုတွေ့မြင်ရစဉ်