တိုက်တန်းနစ်ဇာတ်ကားမှ ကပ္ပတိန်အဖြစ် သရုပ်ဆောင်ခဲ့သူ ဘားနဒ်ဟေးလ် ကွယ်လွန်

Author အဂ္ဂ
Categories
Published on May 06, 2024

တိုက်တန်းနစ်ဇာတ်ကားမှာ သင်္ဘောနဲ့အတူ နစ်မြုပ်ခံသွားတဲ့ ကပ္ပတိန် Edward Smith အဖြစ် သရုပ်ဆောင်ခဲ့သူ ဗြိတိန်သရုပ်ဆောင် ဘားနဒ်ဟေးလ် Bernard Hill ဟာ တနင်္ဂနွေနေ့(မေ ၅)  နံနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့တယ်လို့ သူရဲ့မိသားစုဝင်တွေက အတည်ပြုကြေညာခဲ့ပါတယ်။

 

“Titanic နဲ့ Lord of The Ring ဇာတ်ကားတွေနဲ့ လူသိများထင်ရှားတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်သူ Bernard Hill ဟာ ဒီကနေ့မနက်အစောပိုင်းမှာပဲ အသက် (၇၉) နှစ် အရွယ်မှာပဲ ကွယ်လွန်သွားခဲ့တယ်ဆိုတာကို ကြေကွဲဝမ်းနည်းစွာနဲ့ပဲ အသိပေးလိုက်ရပါတယ်” လို့ သူ့မိသားစုဝင်များက ထုတ်ပြန်ကြေညာပါတယ်။

 

မစ္စတာ ဟေးလ်ဟာ ၁၉၈၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အပိုင်းငါးပိုင်းပါဝင်တဲ့ “Boys from the Blackstuff” ဇာတ်လမ်းတွဲမှာ Yosser Hughes အဖြစ် သရုပ်ဆောင်ခဲ့ပြီး လူသိများထင်ရှားလာခဲ့သူပါ။ သူဟာ အဲဒီနှစ်မှာပဲ ဒါရိုက်တာ Richard Attenborough ရိုက်ကူးခဲ့တဲ့ Gandhi ဇာတ်ကားမှာလည်း တပ်ကြပ်ကြီး Putnam အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။

 

ဒါ့အပြင် သူဟာ ၁၉၇၀နဲ့ ၁၉၈၀ နှစ် အတွင်းမှာလည်း ဗြိတိန်ရုပ်သံစီးရီးတွေဖြစ်တဲ့ “I, Claudius”၊ “Crown Court”၊ “Rooms”၊ “Fox” နဲ့  “Jackanory” စတဲ့ ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တာပါ။

 

၁၉၉၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အော်စကာဆု (၁၁) ဆုအထိ ရရှိခဲ့တဲ့ James Cameron ရဲ့ Titanic ဇာတ်ကားမှာ ကပ္ပတိန် Smith အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ဒါ့အပြင် ဒါရိုက်တာ Peter Jackson ရိုက်ကူးခဲ့တဲ့ Lord of The Rings ဇာတ်ကားသုံးကားတွဲမှာလည်း ဘုရင် Theoden ၊၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Two Towers ဇာတ်ကားနဲ့ ၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Return of The King ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

 

The Return of The King ဇာတ်ကားဟာ အောစကာဆု (၁၁) ဆု အထိ သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် မစ္စတာဟေးလ်ဟာ ရုပ်ရှင်သမိုင်းမှာ အော်စကာဆုအများဆုံးအဖြစ် (၁၁) ဆုစီ ဆွတ်ခူးထားနိုင်ခဲ့တဲ့ ဇာတ်ကားသုံးကားအနက် နှစ်ကားမှာ ပါဝင် သရုပ်ဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။

 

(စံချိန်တင်အဖြစ် အော်စကာဆု (၁၁) ဆုအထိ ဆွတ်ခူးထားသည့် တတိယ ဇာတ်ကားမှာ ၁၉၅၉ ခုနှစ်တွင် ထွက်ရှိခဲ့သော Ben-Hur ဇာတ်ကားဖြစ်သည်။)

 

မစ္စတာဟေးလ်ဟာ၂၀၁၅ ခုနှစ်မှာ BAFTA လို့ လူသိများတဲ့ ဗြိတိန်အကယ်ဒမီဆုပေးပွဲမှာ အကောင်းဆုံး ဒရမ်မာဇာတ်လမ်းတွဲဆု ရရှိခဲ့တဲ့ BBC ရဲ့“Wolf Hall”  ဇာတ်လမ်းတွဲမှာလည်း Anne Boleyn ဦးလေးဖြစ်သူ Norfolk မြို့စားကြီးအဖြစ် သရုပ်ဆောင်ခဲ့ဖူးပါတယ်။

 

မစ္စတာဟေးလ်ဟာ ၁၉၄၄ခုနှစ် ဒီဇင်ဘာ (၁၇) ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး Manchester မြို့ Blackley ဇာတိဖြစ်ကာ သရုပ်ဆောင်အဖြစ် ဆယ်စုနှစ် ငါးခုအထိ ကျင်လည်ခဲ့သူပါ။

 

သူဟာ အခြားထင်ရှားတဲ့ ရုပ်ရှင်ဇာတ်ကားတွေဖြစ်တဲ့ “Mr. Toad’s Wild Ride” (1996)၊ “A Midsummer Night’s Dream” (1999)၊ “True Crime” (1999)၊ “The Scorpion King” (2002)၊ “Valkyrie” (2008) နှင့် “ParaNorman” (2012) စတဲ့ ဇာတ်ကားများတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။

 

ယခုသီတင်းပတ်အကုန်မှာ BBC One ကနေ ထုတ်လွှင့်ပြသမယ့် ရဲဒရာမာဇာတ်လမ်းတွဲ” The Responder”ရဲ့ ဒုတိယ Season မှာလည်း သရုပ်ဆောင် Martin Freeman နဲ့အတူ မစ္စတာ ဟေးလ်က ပါဝင်သရုပ်ဆောင်ထားပါတယ်။

 

မစ္စတာဟေးလ် ကွယ်လွန်ချိန်မှာတော့ ဇနီးဖြစ်သူ Marianna Hill နဲ့ သားဖြစ်သူ Gabriel တို့ ကျန်ရစ်ခဲ့ပါတယ်။

 

ကိုးကား – Variety

 

ဓာတ်ပုံ – Getty Image