ထိုင်းနိုင်ငံတွင် ရာသီဥတု ပူပြင်းမှုကြောင့် ကျောင်းတွင်းသင်ကြားမှုများ ဆိုင်းငံ့ထားရန် ပညာရေးကော်မရှင် အကြံပြု

Author အဂ္ဂ
Categories
Published on May 05, 2024

ထိုင်းနိုင်ငံတွင် အပူချိန်အဆမတန် မြင့်မားနေသည့်အတွက် ရာသီဥတုပူပြင်းသည့်နေ့ရက်များတွင် ကျောင်းတွင်းသင်ကြားမှုများကို ရပ်ဆိုင်းထားရန် ကျောင်းစီမံအုပ်ချုပ်သူများကို အခြေခံပညာရေးကော်မရှင်၏ အထွေထွေအတွင်းရေးမှူးဖြစ်သူက အကြံပြုခဲ့ကြောင်း ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

 

အလွန်ပူပြင်းသော ရာသီဥတုကြောင့် အပူဒဏ်ကို ခံရနိုင်ခြေရှိသည့်အတွက် ကျောင်းများကို စီမံခန့်ခွဲရာတွင် ကျောင်းသားများနှင့်ဆရာများ ဘေးကင်းစေရေးမူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်သင့်သည်ဟု  အခြေခံပညာရေးကော်မရှင် အထွေထွေ အတွင်းရေးမှူးဖြစ်သူ မစ္စတာ သာနုဝန်ချင်ဒါ (Thanu Wongchinda) က ကော်မရှင်၏ ကွပ်ကဲမှုအောက်တွင် ရှိသော ကျောင်းများကို ယနေ့တွင် ပြောခဲ့သည်။

 

၂၀၂၄ ပညာသင်နှစ်၏ ပထမနှစ်ဝက်စတင်မည့် မေလ လလယ်လောက်တွင် ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်းလွင်ပြင်ဒေသပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ရာသီဥတု အလွန်ပူပြင်းနိုင်သည်ဟု သူကဆိုသည်။

 

ကျောင်းစီမံအုပ်ချုပ်သူများအနေဖြင့် ရာသီဥတုပြင်းထန်သည့်နေ့ရက်များတွင် စာသင်ခန်းပြင်ပ လှုပ်ရှားမှုများကို ဆိုင်းငံ့ထားသင့်ပြီး သောက်ရေများကိုလည်း လုံလုံလောက်လောက် စီစဉ်ထားသင့်ကြောင်း၊ လျှပ်စစ်ပစ္စည်းများနှင့် ဝါယာကြိုးများ၏ အခြေအနေကိုလည်း စစ်ဆေးထားသင့်ကြောင်းနှင့် စာသင်ကျောင်းတွင်း သင်ကြားမှုများကို ရပ်ဆိုင်းထားသင့်ပြီး အွန်လိုင်းမှ သင်ကြားခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်းကိုလည်း မစ္စတာ သာနု ကဆက်ပြောသည်။

 

စာသင်ကျောင်းဝန်ထမ်းများအနေဖြင့်လည်း ကားအတွင်း ပိတ်မိနေသည့် ကျောင်းသားများရှိမရှိ သိရရန်အတွက် ကားပါကင်တွင် ရပ်ထားသည့် ယာဉ်များကို စစ်ဆေးသင့်သည်ဟု သူက ထပ်လောင်းအကြံပြုသည်။

 

ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဘန်ကောက်မြို့၏ အပူဆုံးကာလသည် မတ်လမှ မေလအထိ၊ နှစ်စဉ် (၁၇) ရက်မှ ရက် (၈၀) အထိ တိုးလာနိုင်ကြောင်း ရာသီဥတုဆိုင်ရာ ကျွမ်းကျင်သူ တွဲဖက်ပါမောက္ခ ဒေါက်တာ ဆီရီ ဆူပရာတစ် (Seree Supratid)  က လူမှုကွန်ရက် Facebook တွင် ရေးသားထားသည်။

 

ကိုးကား – Bangkok Post

 

ဓာတ်ပုံ – Bangkok Post