မြန်မာတွင် ကျားသစ်ထက်ရှားပြီး အကောင်ရေ ၄၀ ခန့်သာ ကျန်တော့သည့် ငဟစ်ဝမ်းဖြူငှက်ကို ကချင်ပြည်နယ်တွင် မှတ်တမ်းရရှိ


မြန်မာနိုင်ငံတွင် ကျားသစ်ထက် ရှားပါးပြီး အကောင်ရေ ၄၀ ဝန်းကျင်သာ ကျန်ရှိတော့သည့် ငဟစ်ဝမ်းဖြူ ရှားပါးငှက်မျိုးစိတ်ကို NSCI ခေါ် မြန်မာလူငယ်သုတေသနပညာရှင်အဖွဲ့က မှတ်တမ်းရရှိခဲ့သည်။

Native Species Conservation and Identification in Myanmar ခေါ် မြန်မာနိုင်ငံရှိ ဒေသတွင်းမျိုးစိတ်များ ထိန်းသိမ်းရေးနှင့် ခွဲခြားသတ်မှတ်ရေးအဖွဲ့(NSCI) ၏ တရားဝင်လူမှုကွန်ရက်ပေါ်တွင် ၎င်းငဟစ်ဝမ်းဖြူငှက်၏ ကချင်ပြည်နယ်တွင် တွေ့ရှိရသော မှတ်တမ်းကို ဒေသခံတစ်ဦးက လာရောက်မျှဝေထားခြင်းဖြစ်သည်။

“အဲဒီငဟစ်ဝမ်းဖြူက အဓိကကတော့ ဟိမဝန္တာအရှေ့ပိုင်းမှာ နေတယ်။ ဒါကြောင့်မလို့ သူ့ကို ဘူတန်ရယ်၊ မြန်မာရယ်၊ အိန္ဒိယရယ်မှာ အဓိက တွေ့ရတယ်။ ဘင်္ဂလားဒေ့ရှ်မှာလည်း တွေ့တယ်လို့ ပြောကြပေမဲ့ မရေမရာဘူး။ မြန်မာမှာဆိုရင် သူက ကချင်ပြည်နယ်ရယ်၊ စစ်ကိုင်းတိုင်းရယ်မှာပဲ ရှိတယ်ပေါ့” ဟု NSCI အဖွဲ့ တာဝန်ရှိသူ ကိုဝင်းပိုင်ဦးက CJ Platform သို့ပြောသည်။

 

သို့သော် NSCI ကျွမ်းကျင်သူများလေ့လာမှုအရ စစ်ကိုင်း ဒေသခံများ၏ တရားမဝင် ဖမ်းဆီး၊ သတ်ဖြတ်စားသောက်မှုများကြောင့် ယခုနောက်ပိုင်းကာလများတွင် မျိုးသုဉ်းသွားပြီဖြစ်သည်ဟု သိရသည်။

“ကချင်ပြည်နယ်မှာတောင်မှ ကချင်အနှံ့အပြားမှာ ရှိတာမျိုး မဟုတ်ဘူး။ ဟိမဝန္တာတောင်ကြောပိုင်းနဲ့ စပ်နေတဲ့ ပူတာအိုတို့ ဘာတို့ဘက်မှာပဲ တွေ့ရတတ်တယ်။ ပြောရရင် ကချင်ပြည်နယ် အနောက်ပိုင်းနဲ့ မြောက်ပိုင်းမှာ အများဆုံး တွေ့ရတယ်ပေါ့” ဟု ၎င်းက ဆက်ပြောသည်။

 

သိပ္ပံအမည် White-bellied Heron၊ မြန်မာအခေါ် ငဟစ်ဝမ်းဖြူသည် ကမ္ဘာ့အရှားပါးဆုံးစာရင်းဝင် ငှက်မျိုးစိတ်တစ်မျိုးဖြစ်သည်။ ဒေသတွင်းဖမ်းဆီးသတ်ဖြတ်ခံရမှုနှင့် အမဲလိုက်ခံရမှုများကြောင့် အသက်ရှင်နိုင်ရန် ခြိမ်းခြောက်ခံနေရသော ထိုငှက်ဖြူများကို နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေးအသင်း(ICUN)က Critically Endangered မျိုးသုဉ်းလုနီးပါး အန္တရာယ်ရင်ဆိုင်နေရသည့်မျိုးစိတ်အဖြစ် အနီရောင်အဆင့် စာရင်းသွင်းသတ်မှတ်ထားသည်။

 

“လက်ရှိအကောင်ရေက ကျွန်တော်တို့ဆီက ငှက်ကျွမ်းကျင် ဆရာသက်ဇော်နိုင်ပြောတာအရ အကောင်အရေအတွက်က ၄၀ ဝန်းကျင်ပဲ ကျန်တယ်ပေါ့။ အတိအကျတော့ မဟုတ်ဘူးပေါ့နော်။ ခန့်မှန်းချေ ၄၀ ပေါ့။ အခုရရှိတဲ့ မှတ်တမ်းကတော့ ကျွန်တော်တို့ NSCI သက်တမ်းတစ်လျှောက်မှာ ရတဲ့ထဲတော့ ပထမဆုံးပဲ” ဟု ကိုဝင်းပိုင်ဦးက ရှင်းပြပြောဆိုသည်။

 

ဆက်လက်၍ အဆိုပါ ငဟစ်ဝမ်းဖြူ၏ မှတ်တမ်းကို ရိုက်ကူးရယူရာတွင်လည်း ကချင်ပြည်နယ်ရှိ ဒေသခံများကိုသာ အားကိုးအားထားပြုရမည်ဖြစ်ပြီး လက်ရှိမှတ်တမ်းမှာလည်း ပူတာအိုမြို့တွင် နေထိုင်သည့် ဒေသံတစ်ဦး၏ မှတ်တမ်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

 

“ကျွန်တော်တို့အဖွဲ့ထဲမှာကျတော့ ကချင်ပြည်နယ်က လူတွေ နည်းတာမလို့ မှတ်တမ်းက မရဘဲနဲ့ ဖြစ်နေတာ။ အခုတော့ ပထမဆုံးအနေနဲ့ ဒေသခံ တင်ပေးလို့ ရလိုက်တာပါ။ နောက်ပြီး မှတ်တမ်းက အရှင်ကောင်ဖြစ်လို့ အတော်တန်ဖိုးရှိပါတယ်။ စာတမ်းတွေ ပြုစုရင်လည်း ထည့်သုံးလို့ ရပါတယ်” ဟု ကိုဝင်းပိုင်ဦးက ဆိုသည်။

 

ထောင်ဖမ်းခြင်းများ၊ ဖမ်းယူသတ်ဖြတ်ခြင်းများ ရှိမည်စိုး၍ နေရာအတိအကျနှင့် တွေ့ရှိခဲ့သည့်အချိန် အချက်အလက်များကိုမူ ပြောပြနိုင်ခြင်း အလျင်းမရှိကြောင်း ၎င်းက ပြောသည်။

 

“အဓိကကတော့ သူတို့က အကောင်ကြီးတယ်။ အသားကလည်း စားလို့ကောင်းတယ်လို့ ပြောကြတယ်။ အကောင်ကြီးပြီး အသားပေါတဲ့အပြင်ကိုမှ ဖမ်းရလည်း လွယ်တယ်။ ငါးဖမ်းစားတဲ့ ငှက်မျိုးတွေဆိုတော့ အမြဲတမ်း ရေစပ်နားကို ဆင်းနေကြတာ။ ရေစပ်နားမှာ စောင့်နေရင်ကို သူတို့ကို ဖမ်းလို့ရတာမလို့ ဖမ်းခံရတဲ့အန္တရာယ်နဲ့ ကြုံနေရတာပါ။ တခြားကောင်တွေလို တောတွေ၊ တောင်တွေထဲနေတာ မဟုတ်တာကြောင့်လည်းပါတာပေါ့” ဟု ငဟစ်ဝမ်းဖြူများ ရင်ဆိုင်နေရသည့် အန္တရာယ်နှင့်ပတ်သက်၍ ကိုဝင်းပိုင်ဦးက ပြောပြသည်။

 

“ကျွန်တော်တို့သာ ဆက်မထိန်းသိမ်းဘူးဆိုရင် နောက်လေးငါးနှစ်လောက်အတွင်းမှာတင် ရှိတဲ့ အကောင်တွေအကုန် ကုန်သွားလောက်တယ်” ဟု ၎င်းက ဆက်ပြောသည်။

 

Photo – Phong San Dakaw