နုတ်ထွက်သွားသည့် ဒုဝန်ကြီးချုပ်နေရာ အစားထိုးခန့်အပ်မည့်သူ ရွေးချယ်ပြီးပြီဟု ထိုင်းဝန်ကြီးချုပ်ဆို

Author လင်းနွေဦး
Categories
Published on Apr 29, 2024

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးနေရာတို့ကို ရယူထားသည့် ပန်ပရီ ဖဟီထာ နုကွန် ရာထူးမှနုတ်ထွက်သွားပြီး နောက်ရက်တွင်ပင် ၎င်းနေရာကို ဆက်ခံမည့်သူအား ရွေးချယ်ပြီးဖြစ်သည်ဟု ထိုင်းဝန်ကြီးချုပ်က ထိုင်းဒေသတွင်းသတင်းမီဒီယာများမှတစ်ဆင့် ထုတ်ပြောလိုက်သည်။

 

မြန်မာပြည်နယ်စပ် တိုက်ပွဲများအကြောင်းလေ့လာရန် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ပြီးခဲ့သည့် ဧပြီ ၂၃ ရက်က လာရောက်ခဲ့သည့် ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဖဟီထာ နုကွန်(Parnpree Bahiddha-Nukara)သည် ရာထူးမှ ဧပြီလ ၂၈ ရက်တွင် ရုတ်တရက် နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

 

၎င်းနုတ်ထွက်ရခြင်းအကြောင်းအရင်းကိုမူ တိကျသေချာစွာ မသိရှိရသေးပေ။

 

ထိုင်းသတင်းမီဒီယာများတွင် ရေးသားဖော်ပြချက်များအရ ထိုင်းဘုရင့်နန်းတော်မှ ဧပြီ ၂၈ ရက်တွင် တရားဝင်ထုတ်ပြန်ခဲ့သည့် အစိုးရအဖွဲ့စာရင်းတွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ်သာ ဖော်ပြထားပြီး ဒုဝန်ကြီးချုပ်အဖြစ်မှ ချန်လှပ်ထားခဲ့ခြင်းကြောင့် မကျေနပ်ဘဲ ရာထူးကနေ နုတ်ထွက်ခြင်းဖြစ်ကြောင်း ရေးသားဖော်ပြကြသည်။

 

၎င်းရာထူးမှ နုတ်ထွက်ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးအသစ်ကို ရွေးချယ်ခန့်အပ်ပြီးဖြစ်ကြောင်း၊ ရွေးချယ်ထားသူကို မည်သူမည်ဝါဖြစ်သူကြောင်း ဧပြီ ၂၉ ရက်နေ့ ယနေ့နံနက်ပိုင်းတွင် ထိုင်းသတင်းမီဒီယာများ ရှေ့မှောက်တွင်  ထိုင်းဝန်ကြီးချုပ်မှ အရိပ်အမြွက်ပြောကြားခဲ့သည်။

 

“ဝန်ကြီးအသစ်က ဘယ်သူဘယ်ဝါဆိုတာကို ထိုင်းဘုရင်ဆီ အသိပေးပြောကြားတာမျိုးမလုပ်ရသေးဘဲ ဖော်ပြလို့မရပါဘူး။ ပြောနိုင်တာကတော့ သူက ဖွေထိုင်း(Pheu Thai)ပါတီရဲ့ နောက်ကွယ်ကနေ နိုင်ငံခြားရေးရာမူဝါဒတွေအတွက် အလုပ်လုပ်ပေးနေသူတစ်ယောက်ဖြစ်တယ်ဆိုတာပါ” ဟု ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်(Srettha Thavisin)က ပြောသည်။

 

သို့ရာတွင် ထိုင်းနိုင်ငံအခြေစိုက် သတင်းမီဒီယာကြီးတစ်ခုဖြစ်သည့် The Nation မီဒီယာကမူ အသစ်ဖြစ်လာမည့် နိုင်ငံခြားရေးဝန်ကြီးမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နဝပ်ထရာ(Thaksin Shinwatra)နှင့် နီးစပ်သည့် ဆက်ဆံရေးရှိသူ သံအမတ်ဟောင်း မရစ် ဆန်ချိုင်ပွန်ဆ(Maris Sangiampongsa)ဖြစ်နိုင်သည့် ရာခိုင်နှုန်းများကြောင်း ရေးသားဖော်ပြထားသည်။

 

တိုးတက်ဖွံ့ဖြိုးမှုနှုန်း မြင့်တက်လာသည့် ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးသည် ထိုင်းနိုင်ငံ စီးပွားရေးနှင့် နိုင်ငံတကာဆက်ဆံရေးအပေါ်တွင် များစွာသက်ရောက်မှုရှိနေသဖြင့် မည်သူဖြစ်လာမည်ကို ထိုင်းနိုင်ငံသားများအပြင် နိုင်ငံတကာမှ စိတ်ဝင်တစားစောင့်ကြည့်နေရသည်။

 

ဓာတ်ပုံ- Bangkok Post

 

ပုံစာ – ယမန်နေ့နံနက်ပိုင်း ထိုင်းနိုင်ငံဝန်ကြီးချုပ်က သတင်းမီဒီယာများသို့ ဖြေကြားပေးနေသည်ကို တွေ့မြင်ရစဉ်