ပခုက္ကူရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် ကျင်လည်နေသည့် စရဖတစ်ဦးကို သွားဖမ်းစဉ် ပစ်ခတ်မှုဖြစ်ပွားပြီး သေဆုံး

Author မင်းထက်
Categories
Published on Apr 25, 2024

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် ၂ နှစ်နီးပါးကြာ ကျင်လည်နေသော စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ဝင်ကို သွားရောက်ဖမ်းဆီးစဉ် ပစ်ခတ်မှုဖြစ်ပွားပြီး ၎င်းသေဆုံးသွားကြောင်း Southern YSO PDF ဝန်ခံ ကိုအောင်မောင်းက CJ Platform သို့ပြောသည်။

 

ယမန်နေ့ ဧပြီ ၂၄ ရက် နံနက် ၇ နာရီခန့်တွင် ပခုက္ကူနည်းပညာတက္ကသိုလ်(GTC) စစ်ကောင်စီဂိတ်တွင်  တာဝန်ကျနေသော ပခုက္ကူမြို့အခြေစိုက်တပ် ၂၅၂ မှ စရဖ တပ်ဖွဲ့ဝင် ဦးကျော်နိုင်ဝင်းကို ယင်းဂိတ်အနီးရှိ လက်ဖက်ရည်ဆိုင်တွင် တော်လှန်ရေးတပ်သားများက သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

 

၎င်းထံမှ သတင်းအချက်အလက်များ ရယူရန်ရည်ရွယ်ချက်ဖြင့် အရှင်ဖမ်းဆီးရန် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကြိုးပမ်းခဲ့သော်လည်း ထွတ်ပြေးရန်ကြိုးစားသည့်အပြင် ပြန်လည်ခုခံခဲ့သဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာမှ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း Southern YSO PDF ထံမှ သိရသည်။

 

ဦးကျော်နိုင်ဝင်းသည် ရေစကြိုမြို့နယ်၊ ကျောက်လှေခါးစစ်ကောင်စီဂိတ်နှင့် ပခုက္ကူ GTC စစ်ကောင်စီဂိတ်တို့တွင် လှည့်လည်နေထိုင်နေသည်မှာ ၂ နှစ်နီးပါးရှိပြီဖြစ်သည်။ ဂိတ်ပတ်လည်အတွင်း မိုင်းအဓိက ဆင်ပေးရသူဖြစ်သကဲ့သို့ ကင်းမှူးတာဝန်လည်း ယူပေးရသူဖြစ်သည့်အတွက်  GTC ဂိတ်စောင့်ပေးနေရချိန် ပစ်ခတ်သတ်ဖြတ်ခံရခြင်းဖြစ်သည်။

 

သေဆုံးသူ ဦးကျော်နိုင်ဝင်းထံမှ ဖုန်းတစ်လုံး သိမ်းဆည်းရရှိခဲ့ရာ ထိုဖုန်းထဲတွင် PDF ထောက်ပို့နေအိမ် အချက်အလက်မြေပုံများ၊ PDF များတပ်ဆင်ထားသော မိုင်းပွိုင့်နေရာအချက်အလက်များ၊ ပျူနှင့် ဒလန် အချက်အလက်များ စသည့်အချက်အလက်များကို စစ်ဆေးရရှိခဲ့ကြောင်း သိရသည်။

 

“လောလောဆယ်ကတော့ တုံ့ပြန်မှု မရှိသေးပါဘူး။ သေဆုံးပြီး နာရီပိုင်းလောက်မှာ အလောင်းလာကောက်သွားတယ်” ဟု တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။

 

ဦးကျော်နိုင်ဝင်း ဖုန်းထဲမှ ရရှိသော သတင်းအချက်လက်များအရ ဧပြီလ ၂၄ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အမည်မဖော်လိုသည့်ကျေးရွာအတွင်း စစ်ကောင်စီသတင်းပေးဆိုသူ အမျိုးသားတစ်ဦးကို သက်ဆိုင်ရာနယ်မြေရှိ နယ်မြေခံ PDF အဖွဲ့ထံ အကြောင်းကြား ဖမ်းဆီးစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း၊ ထိုက်သင့်သော အပြစ်ပေးအရေးယူမှုပြုလုပ်သွားမည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

 

“ဘယ်လိုဆောင်ဆောင်ရွက်မယ်ဆိုတာတော့ နောက်ဖြစ်တဲ့ ဖြစ်စဉ်က တစ်ယောက်က ကျွန်တော်တို့ နယ်မြေနဲ့ ဝေးတဲ့အတွက် သက်ဆိုင်ရာနယ်မြေခံတွေလက်ထဲ အပ်ထားတယ်။ ဘယ်လိုဆောင်ရွက်မယ်ဆိုတာက သူတို့အပိုင်းပဲလေ။ သတင်းအချက်အလက် ကျွန်တော်တို့ပေးတယ်။ သက်သေနဲ့တကွ ဖုန်းပါပေးလိုက်တယ်” ဟု အထက်ပါတာဝန်ခံက ပြောသည်။

 

အထက်ပါစစ်ရေးများသည် Southern YSO PDF မှ ဖော်ဆောင်နေသည့် ‘နတ်မိချောင်းစစ်ဆင်ရေး’၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

 

ဓာတ်ပုံ – Southern YSO PDF