မဲဆောက်ရောက် မြန်မာစစ်ရှောင် သုံးထောင်ခန့်ကို ယာယီစခန်းခြောက်ခုတွင် ထားရှိ အပူဒဏ်ကြောင့်ဖြစ်သည့် ဝေဒနာများ စစ်ရှောင်များခံစားနေရ

Author အဂ္ဂ
Categories
Published on Apr 22, 2024

ထိုင်း-မြန်မာ နယ်စပ်မြို့ မြဝတီရှိ အမှတ်(၂)တံတားအနီး စစ်ကောင်စီတပ်နှင့် KNLA/PDF ပူးပေါင်းတပ်များ၏ တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်သို့ ထွက်ပြေးလာသည့် မြန်မာစစ်ဘေးရှောင်ဦးရေ သုံးထောင်ခန့်ကို ယာယီစခန်းခြောက်ခုဖွင့်လှစ်ထားရှိကြောင်း ထိုင်းအာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။

 

မြန်မာစစ်ဘေးရှောင်များအတွက် လုံခြုံရေးဆောင်ရွက်ပေးနေသူများ၏ ပြောကြားချက်အရ စစ်ဘေးရှောင်များ၏ ၄၀ ရာခိုင်နှုန်းခန့်သည် အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များဖြစ်ကြပြီး အများစုမှာ အပူဒဏ်ကြောင့် ခြေကုန်လက်ပမ်းကျကာ မောပန်းနွမ်းနယ်ခြင်းဝေဒနာများ ခံစားနေရသည်ဟု သိရသည်။

 

မြဝတီနှင့် မဲဆောက်ကို ဆက်သွယ်ထားသည့် အမှတ်(၂) တံတားအနီးရှိ စစ်ကောင်စီတပ်သားများကို တော်လှန်ရေးအင်အားစုများက စနေနေ့ (ဧပြီလ ၂၀ ရက်) ညပိုင်းတွင် တိုက်ခိုက်ခဲ့ပြီးနောက် မြဝတီမြို့ကို စစ်ကောင်စီဘက်က လေယာဉ်များဖြင့် ဗုံးကြဲခဲ့သဖြင့် လူပေါင်း ဒါဇင်နှင့်ချီ၍ ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။

 

တိုက်ပွဲကြောင့်တိမ်းရှောင်လာသည့် မြန်မာစစ်ဘေးရှောင်များ ခိုလှုံနိုင်ရန် ထိုင်းတာဝန်ရှိသူများက မဲဆောက်တွင် ယာယီစစ်ရှောင်စခန်း ခြောက်ခုဖွင့်လှစ်ထားပြီး လိုအပ်သည့်အကူအညီများနှင့် ဆေးဝါးကုသမှုများလည်း ပေးနေသည်ဟု ဆိုသည်။ ထိခိုက်ဒဏ်ရာရထားသည့် သူများကိုမူ မဲဆောက်ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးနေသည်ဟုလည်း သိရသည်။

 

ဧပြီ ၂၀ ရက်နေ့က ချစ်ကြည်ရေးတံတား အမှတ် ၂ အနီး မြန်မာဘက်ခြမ်းရှိ သောင်ရင်းမြစ်ဘေးတွင် စစ်ရှောင်နေသော မြန်မာနိုင်ငံသူ/သားများအနီး စစ်ကောင်စီလေယာဉ်ဗုံးများကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ ၎င်းတို့ကို ထိုင်းအာဏာပိုင်များက ယာယီစစ်ရှောင်စခန်းများအတွင်း ထားရှိခဲ့သည်ကို CJ Platform သတင်းဌာနက သတင်းသွားရောက်ရယူစဉ် မြင်တွေ့ခဲ့ရသည်။

 

လတ်တလော မြန်မာစစ်ဘေးရှောင်များကို ပြည်ထဲရေးဝန်ကြီးဌာနက စောင့်ကြပ်နေသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပ်ရီ ဘာဟစ်ဒါ နုကာရာ Parnpree Bahiddha-Nukara က ယမန်နေ့ (ဧပြီ ၂၁) ရက်နေ့တွင် ထိုင်းဒေသတွင်း သတင်းဌာနများကို ပြောကြားသည်။

 

ယခင်က မဲဆောက်တွင် မြန်မာစစ်ဘေးဒုက္ခသည် တစ်သောင်းခန့်အထိ လက်ခံခဲ့ဖူးပြီး မြန်မာဘက်တွင် အခြေအနေများ ပြန်လည်တည်ငြိမ်သွားသည့်အခိုက်တွင် အဆိုပါဒုက္ခသည်များသည် မြန်မာဘက်ခြမ်းသို့ ပြန်သွားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

 

ထို့ပြင် မြန်မာဘက်ခြမ်းမှ တိုက်ပွဲများကြောင့် ထိုင်းဘက်ခြမ်းရှိ မဲဆောက်၊ တာဆိုင်လွတ်မြို့နယ်ခွဲ ဘန်ဝမ်တက်ခ်ဟီရန် ကျေးရွာအတွင်းရှိ နေအိမ်တစ်အိမ်၏ ပြတင်းပေါက်ကို မြန်မာဘက်ခြမ်းမှ ကျည်ဆံထိမှန်ခဲ့သဖြင့် မြန်မာဘက်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးပြောဆိုခဲ့ရသည်ဟုလည်း ၎င်းက ဆိုသည်။ အဆိုပါ ကျည်ထိမှန်မှုတွင် လူထိထိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ပေ။

 

ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ်(၁) တံတားကမူ ယမန်နေ့တွင် ပြန်လည်ဖွင့်လှစ်ထားသော်လည်း ဧပြီ ၂၀ ရက် စနေနေ့ကတည်းက မြဝတီမြို့မှလူများ စုပြုံရောက်ရှိနေသည့်အတွက် ကူးသန်းသွားလာရန် နှောင့်နှေးနေဆဲဖြစ်သည်ဟု ဆိုသည်။

 

ပြည်သူ့ကျန်းမာရေး စုံစမ်းစစ်ဆေးရေးမှူးချုပ် ဒေါက်တာ  ဆော့ဖွန် အီရန်စီရီသာဝန် Sophon Iamsirithaworn က ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၏ စာရင်းကောက်ယူမှုများအရ မြန်မာစစ်ဘေးဒုက္ခသည် (၁၆၈၆) ဦးရှိပြီး ထပ်မံရောက်ရှိလာနိုင်သည်ဟု မျှော်လင့်ထားကြောင်း ပြောသည်။ ကျည်စထိမှန်ဒဏ်ရာရခဲ့သည့် စစ်ဘေးရှောင်တစ်ဦးကိုမူ မဲဆောက်ဆေးရုံကြီးသို့ စနေနေ့တွင် ပို့ဆောင်ပေးခဲ့သည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားသည်။

 

လက်ရှိအချိန်ထိ မြဝတီမြို့တွင် တိုက်ပွဲများပြင်းထန်နေဆဲဖြစ်သည့်အတွက် ထွက်ပြေးတိမ်းရှောင်လာသူများကို ထိုင်းအစိုးရက လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးနေကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး ဆုတင် ခလန်ဆမ် Sutin Klungsang က ပြောသည်။

 

အခြေအနေအလုံးစုံသည် ထိုင်းအစိုးရ၏ ကြိုတင်မျှော်မှန်းထားသည့်အတိုင်း ဆက်လက်တည်ရှိနေသည်ဟုလည်း မကြာမီရက်ပိုင်းအတွင်းတွင် မဲဆောက်မြို့သို့ သွားရောက်မည့် ကာကွယ်ရေးဝန်ကြီးက ဆက်ပြောသည်။

 

ထိုင်းဝန်ကြီးချုပ် ဆရက်သာကလည်း ဧပြီ ၂၃ ရက် အင်္ဂါနေ့အစည်းအဝေးပြီးနောက် မဲဆောက်မြို့သို့ သွားရောက်ကာ နယ်စပ်ကုန်သွယ်ရေးအပါအဝင် အခြေအနေများကို စောင့်ကြည့်လေ့လာမည်ဖြစ်ပြီး ဒေသခံများနှင့် လုံခြုံရေးဆောင်ရွက်နေသူများကိုပါ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့များရစေရန် လုပ်ဆောင်မည်ဟု ၎င်လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားခဲ့သည်။

 

ထို့ပြင် မြန်မာတွင်ဖြစ်ပွားနေသော တိုက်ပွဲများ ထိုင်းမြေအထိကူးစက်ထိခိုက်လာမည်ကို မလိုလားကြောင်းနှင့် မြဝတီဘက်ခြမ်းရှိ အွန်လိုင်းလိမ်လည်သူများလည်း ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးကာ ခိုလှုံလာနိုင်သည့်အတွက် ၎င်းတို့ကိုလည်း သတိထားစောင့်ကြည့်ရန် ဝန်ကြီးချုပ်က ဆက်လက်ရေးသားထားသည်။

 

ကိုးကား – Bangkok Post

 

ဓာတ်ပုံ – Assawin Pinitwong