မည်သည့်အကြောင်းရင်းကြောင့်မျှ ထိုင်းဘက်သို့ မထိခိုက်စေလိုဟု ဝန်ကြီးချုပ်ပြော လူသားချင်းစာနာမှုအကူအညီများပေးရန် အဆင်သင့်ရှိဟုဆို

Author ကိုထားဝယ်
Categories
Published on Apr 20, 2024

စစ်ကောင်စီ-KNLA/PDF တပ်များအနေဖြင့် မည်သည့်အကြောင်းအရင်းကြောင့်မျှ ထိုင်းနိုင်ငံဘက်ခြမ်းသို့ အကြမ်းဖက်ထိခိုက်မှုများမရှိစေလိုကြောင်း ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က ပြောသည်။

 

ကရင်ပြည်၊ မြဝတီမြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ တွင် ယမန်နေ့ညပိုင်းကစတင်၍ဖြစ်ပွားနေသော စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများ၏ တိုက်ပွဲနှင့်ပတ်သက်၍ ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

 

“မြန်မာနိုင်ငံဘက် ထိုင်း-မြန်မာချစ်ကြည်ရေးအမှတ် ၂ တံတားနားက စစ်ပွဲအခြေအနေကို စိုးရိမ်ပူပန်စွာနဲ့ အနီးကပ်စောင့်ကြည့်နေပါတယ်။ ထိုင်းနယ်မြေထဲကို ဘယ်လိုအကြောင်းအရင်းကြောင့်မှ အကျိုးသက်ရောက်မှုတစ်စုံတစ်ရာမရှိစေလိုပါဘူး” ဟု ထိုင်းဝန်ကြီးချုပ်က ပြောသည်။

 

ထိုင်းနိုင်ငံအနေဖြင့် လိုအပ်ပါက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရန် အမြဲအဆင်သင့်ရှိနေပြီး တစ်ချိန်တည်းတွင် ထိုင်းနိုင်ငံသူ/သားများကို ကာကွယ်ပေးရန် အသင့်ရှိနေသည်ဟု ၎င်းက တစ်ဆက်တည်းပြောကြားသည်။

 

ထိုင်းနိုင်ငံနှင့်အလွန်နီးကပ်စွာတည်ရှိသည့် ချစ်ကြည်ရေးတံတား အမှတ် ၂ အနီး တိုက်ပွဲများဖြစ်ပေါ်လာမှုကို စိုးရိမ်ပူပန်မိကြောင်း ၎င်းက ပြောသည်။

 

စစ်ကောင်စီနှင့် ကရင်အမျိုးသားများလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် PDF ပူးပေါင်းအဖွဲ့များက ဧပြီ ၉ ရက်နေ့က မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တပ်ရင်းသိမ်းတိုက်ပွဲမှ ချစ်ကြည်ရေးတံတား အမှတ် ၂ အနီးသို့ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ဝ ကျော်ကို ဒရုန်းများဖြင့် ယနေ့ ဧပြီ ၂၀ ရက် နံနက်အစောပိုင်းတွင် အပြီးသတ်ရှင်းလင်းတိုက်ခိုက်ခဲ့သည်။

 

ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားအများအပြားသေဆုံးမှုရှိသကဲ့သို့ လက်နက်ခဲယမ်းဆည်းရရှိမှုများလည်းရှိခဲ့သည်။

 

ထိုတိုက်ခိုက်မှုမတိုင်မီ စစ်ကောင်စီဘက်က လက်နက်ကြီး/ငယ်များဖြင့် ယနေ့ ညသန်းခေါင်ယံအချိန်မှစတင်၍ မြဝတီမြို့ရှိ KNLA နှင့် PDF ပူးပေါင်းအဖွဲ့များကို တိုက်ခိုက်ခဲ့သည့်အပြင် နံနက်ပိုင်းတွင် စစ်ရဟတ်ယာဉ် MI35 များဖြင့် လာရောက်တိုက်ခိုက်ခဲ့သည်။

 

ထိုတိုက်ပွဲများကြောင့် မြဝတီမြို့ ဒေသခံများ ဘေးလွတ်ရာနေရာများသို့ စစ်ဘေးရှောင်ခဲ့ရာတွင် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ရာနှင့်ချီပြီး တိမ်းရှောင်လာခဲ့သည်ကို ထိုင်းနိုင်ငံအခြေစိုက် သတင်းဌာနများ၏ ဖော်ပြချက်များအရ သိရသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်