မြစ်ကြီးနားမြို့ ၊နမ့်ပေါင်လေတပ် ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရ

Author လဂွန်းအိမ်
Categories
Published on Apr 20, 2024

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ အခြေစိုက် နမ့်ပေါင်လေတပ်စခန်းကို ရှော့တိုက်ဒုံး ဆယ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမူကို မသိရှိရသေးကြောင်း အဆိုပါ ပစ်ခတ်တိုက်ခိုက်မူဆောင်ရွက်ခဲ့တဲ့ မြောက်ပိုင်းညီနောင်များ ပြည်သူ့ကာကွယ်ရေးတပ် NBPDF ထံမှ သိရသည်။

 

ဧပြီ ၁၉ရက် နံနက် ၉နာရီ ၅၅မိနစ်တွင် စစ်ကောင်စီ နမ့်ပေါင်လေတပ် အခြေစိုက်ရာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အတွင်းထိ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် အနီးကပ်ပစ်ခတ်ခဲ့ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း NBPDF တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။

 

”ပစ်မှတ်ကတော့ အဓိကကျတဲ့နေရာ ၅ နေရာကို ပစ်မှတ်ထားပီး ပစ်ခဲ့တာပဲဗျို့။ အတွဲလိုက်ပစ်ခဲ့တာ အသေးစိပ် ရှင်းပြဖို့ကတော့ စစ်ရေးအရ ထိမ်းသိမ်းရမှာမို့ပါ။ ထိရောက်မှုကတော့ ရှိမှာပါ ဘာလို့ဆိုတော့ လေတပ်နယ်မြေ နဲ့ မီတာ ၁၀၀၀ ပဲ ကွာတာ”ဟု အဆိုပါ တပ်ဖွဲ့တာဝန်ရှိသူက CJ Platform ကို ပြောသည်။

 

အဆိုပါ တိုက်ခိုက်မူသည် ဒုတိယအကြိမ် တိုက်ခိုက်ခြင်းဖြစ်ပြီး ၂၀၂၃ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့ကလည်း ရှော့တိုက်ဒုံးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ ဂျက်ဖိုက်တာ ၂စီး၊ စက်သွယ်ရေးတာဝါတိုင်နှင့် တိုက်လေယာဥ်စက်ပြင်ဂိုဒေါင် ၊အရာရှိရိပ်သာတို့ ထိခိုက်ပျက်စီးခဲ့သည်။