ဆီဆိုင်၊ ပုံလောင်းရွာအနီးတွင် အရပ်သားနှစ်ဦး ပစ်ခတ်ခံရ၊ တစ်ဦးသေဆုံး

Published on Apr 19, 2024

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ ပုံလောင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်က ပအိုးဝ်ဒေသခံ အမျိုးသားနှစ်ဦးကို ပစ်ခတ်သတ်ဖြတ်သဖြင့် တစ်ဦး သေဆုံးပြီး တစ်ဦးလွတ်မြောက်သွားကြောင်း ယနေ့ ဧပြီလ ၁၉ ရက်နေ့ ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ယင်းမြို့နယ်၊ ဖြီတခေါ့ကျေးရွာက အသက်(၃၀)ခန့်ရှိ ဒေသခံအမျိုးသားနှစ်ဦးသည် ဆိုင်ကယ်ကိုယ်စီဖြင့် ခရီးသွားလာနေစဉ် ယမန်နေ့ ဧပြီ ၁၈ ရက်၊ မွန်းလွဲ ၁ နာရီခန့်တွင် ဆီဆိုင်-လွိုင်ကော်လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အမေးမြန်းမရှိ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု PNLA  သတင်းတာဝန်ခံ ခွန်ရိန်းယံက CJ Platform သို့ပြောသည်။

 

“မနေ့က တစ်နာရီကျော်အချိန်မှာပေါ့လေ။ ဆိုင်ကယ်နဲ့ ခရီးသွားလာနေတဲ့ ဒေသခံနှစ်ဦး တစ်ယောက်တစ်စီးလာကြတာ။ အဲဒီနားမှာ(ပုံလောင်းကျေးရွာအနီး) စစ်ကောင်စီနဲ့တိုးတာ။ ဘာမှ မေးမြန်းခြင်းမရှိဘဲ ပစ်လိုက်တာ။ တစ်ယောက်ကတော့ ပွဲချင်းပြီး သေသွားတယ်။ ဆိုင်ကယ်လည်း အဲဒီနားမှာ ကျန်ခဲ့တယ်” ဟု ၎င်းက ပြောသည်။

 

ကျန်အမျိုးသားတစ်ဦးမှာ ပစ်ခတ်နေသည့်အချိန်တွင် ထွက်ပြေးလွတ်မြောက်ခဲ့ပြီး သေဆုံးအလောင်းကို ယခုအချိန်ထိ ကောက်ယူရရှိခြင်းမရှိသေးကြောင်း ၎င်းက ဆိုသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်