ချင်းမိုင် ‘ဒွိုင်ဆူသက်’တွင် လောင်ကျွမ်းနေသော တောမီးကို ထိန်းချုပ်ထားနိုင်ပြီဖြစ်

Author အဂ္ဂ
Categories
Published on Apr 18, 2024

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်ရာနေရာဖြစ်သည့် ဒွိုင်ဆူသက်ဒေသ အဓိကနေရာ နှစ်ခု၌ ယမန်နေ့ (ဧပြီလ ၁၇ ရက်) ည (၉) နာရီ မိနစ် (၂၀) ခန့်တွင် တောမီးလောင်ကျွမ်းခဲ့ပြီး  မီးလောင်ကျွမ်းမှုကို အဝေးမှပင် ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်ဟု ဒေသတွင်းမီဒီယာဖြစ်သည့် Thai PBS World ၏ ဖော်ပြချက်အရ သိရသည်။

 

ချင်းမိုင်မြို့ အုပ်ချုပ်ရေးမှူး Nirat Pongsitthaworn ၏ လူမှုကွန်ရက်ပေါ်တွင် ဖော်ပြချက်အရ Nong Ho ဗုဒ္ဓဓမ္မဘုရားကျောင်း အနောက်ဘက်နေရာ၌ ည (၉) နာရီ မိနစ် (၂၀) ခန့်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မီးလောင်ကျွမ်းမှုဖြစ်ပြီး  (၃) နာရီအကြာ (ဧပြီလ ၁၈ ရက်နေ့ နံနက် (၁၂) နာရီ (၂၀) မိနစ်ခန့်)တွင် မီးလောင်ကျွမ်းရာနေရာသို့ မီးသတ်သမား အယောက် (၅၀) ကို  ပို့ဆောင်နိုင်ပြီးသည့်နောက်တွင် တောမီးကို (၁၀၀) ရာခိုင်နှုန်း ထိန်းချုပ်နိုင်ပြီဖြစ်သည်ဟု ဆိုသည်။

 

ပျက်စီးဆုံးရှုံးမှု အခြေအနေကိုမူ နေ့ခင်းပိုင်းအချိန်တွင် ထုတ်ပြန်ကြေညာပေးသွားမည်ဟု ဖော်ပြထားသည်။

 

တောမီးလောင်ကျွမ်းရာနေရာသည် ယခင်ကလည်း မီးလောင်ကျွမ်းမှုများဖြစ်ခဲ့ဖူးပြီး ယခု‌ တောမီးလောင်ကျွမ်းမှုသည် သုံးနှစ်အတွင်း ပထမဆုံးအကြိမ် ထပ်မံလောင်ကျွမ်းခြင်းလည်းဖြစ်သည်။

 

ထိုင်းနိုင်ငံ၏ တောမီးလောင်ကျွမ်းမှု ရာသီသည် ပုံမှန်အားဖြင့် ဖေဖော်ဝါရီမှ မေလအထိ ကြာမြင့်တတ်သည်။  ချင်းမိုင်ခရိုင်သည် လက်ရှိတွင် တောမီးလောင်ကျွမ်းမှုအပြင်  လေထုညစ်ညမ်းမှု ပြဿနာကိုပါ ရင်ဆိုင်နေရသည့် ခရိုင်တစ်ခုလည်းဖြစ်သည်။

 

ကိုးကား – Thai PBS World

 

ဓာတ်ပုံ – CJ

 

Related News

Depend on news