မန္တလေးတွင် “အာဏာရှင်ကို တော်လှန် ရေမစိုသင်္ကြန်” လှုပ်ရှားမှုပြုလုပ်

Author အညာသား
Categories
Published on Apr 11, 2024

မကြာခင်ကျရောက်တော့မည့် သင်္ကြန်ပွဲတော်နှင့်ပတ်သက်၍ မန္တလေးသပိတ်အင်အားစုလူငယ်များက ယနေ့ ဧပြီ ၁၁ ရက် နံနက်ပိုင်းတွင် “အာဏာရှင်ကို တော်လှန် ရေမစိုသင်္ကြန်” ကြွေးကြော်သံပါ ဘန်နာကိုင်ဆောင်ပြီး လှုပ်ရှားမှုတစ်ရပ်ပြုလုပ်ခဲ့သည်။

အဆိုပါလှုပ်ရှားမှုကို လူအသွားအလာများသည့် မန္တလေးကျုံးဘေးအပါအဝင် မြို့တွင်းနေရာနှင့် ဈေးအချို့တွင် နွေဦးတော်လှန်ရေး အဓိက ဆန္ဒထုတ်ဖော်မှုဖြစ်သည့် လက်သုံးချောင်းထောင်ခြင်း၊ အသိပေးကြွေးကြော်သံပါ ဘန်နာကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အာဏာသိမ်းစစ်အုပ်စုက ကျင်းပရန် လုပ်ဆောင်နေသော သင်္ကြန်ပျော်ပွဲရွှင်ပွဲများကို မပူးပေါင်းမပါဝင်ဘဲ ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး ဆက်လက်တိုက်ပွဲဝင်ရန် တိုက်တွန်းသည့်အနေဖြင့် ယခုကဲ့သို့ ပြုလုပ်ရခြင်းဖြစ်သည်ဟု မန္တလေးသပိတ်အင်အားစုက ထုတ်ပြန်သည်။

 

တော်လှန်သင်္ကြန်၊ တော်လှန်သပိတ်တိုက်ပွဲများကို ယခုကဲ့သို့ ရသည့်နေရာ၊ ရသည့်ကဏ္ဍမှ ပါဝင်ဆင်နွှဲကြမည်ဖြစ်ပြီး စစ်ကောင်စီ၏ အာရုံလွှဲ ပျော်ပွဲရွှင်ပွဲများသည် တော်လှန်ရေးပေါ်တွင် စိုးစဉ်းမျှ ထိခိုက်စေခြင်း မရှိကြောင်း၊ စစ်ကောင်စီကျင်းပမည့်သင်္ကြန်ပွဲများတွင် မပါဝင်ကြရန် မန္တလေးသပိတ်အင်အားစုက တိုက်တွန်းပြောကြားသည်။

 

စစ်ကောင်စီသည် ယခုနှစ် မန္တလေးသင်္ကြန်ကို ပိုမိုစည်ကားအောင် ပြုလုပ်နိုင်ရန် ကျုံးဘေးပတ်လည်တွင် သင်္ကြန်မဏ္ဍပ်အများအပြားဆောက်လုပ်ခွင့်ပေးပြီး နည်းမျိုးစုံဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိသည်။

 

ဓာတ်ပုံ – မန္တလေးသပိတ်အင်အားစု