တောင်ကုတ်မြို့တွင်းသို့ လိုင်စင်မဲ့ကားများဖြင့် တစ်စီးလျှင် ငွေသား ကျပ်သိန်းထောင်ချီ မှောင်ခိုတင်သွင်းနေ စစ်ကောင်စီဂိတ်များ ငွေရပေါက်လျော့၍ အောက်ခြေဝန်ထမ်းများ အဆူခံနေရ

Author လင်းနွေဦး
Categories
Published on Apr 06, 2024

ရခိုင်ပြည် တောင်ပိုင်း၊ တောင်ကုတ်မြို့အတွင်းသို့ ပွဲစားများက လိုင်စင်မဲ့ကားများဖြင့် စားသောက်ကုန်ပစ္စည်းများအပြင် ငွေသား ကျပ်သိန်းထောင်ချီ တင်သွင်းမှုများပြုလုပ်နေကြောင်း ယင်းဒေသခံများထံမှ သိရသည်။

 

ထိုသို့ပြုလုပ်ခြင်းကြောင့် ဒီဂျစ်တယ်ငွေလွှဲဝန်ဆောင်မှုတစ်ခုဖြစ်သည့် KBZ Pay မှ ငွေသားလဲလှယ်မှု ရာခိုင်နှုန်းများကျဆင်းလာကြောင်း ယင်းဒေသခံများက ဆိုသည်။

 

“အရင်က သတင်းတွေဖော်ပြခဲ့တုန်းက ကုန်ကားတွေမှာပဲ စားသောက်ကုန်တွေ မှောင်ခိုတင်ကြတာ။ ခုက လိုင်စင်မဲ့ အိမ်စီးကားတွေကို စတစ်ကာအမဲ(ကားမှန်အမဲ)လိုဟာတွေ တပ်ထားပြီး ဂိတ်ကြေးထက်ကို အများကြီးပိုပိုသာသာပေးတော့ စစ်ဆေးမခံရတော့ဘူး။ အဲဒီလိုကားတွေပေါ်မှာ ငွေသားတွေ (သိန်း)ထောင်ချီနဲ့ကို တင်လာတာ။ ကားကြီးတွေက သတင်းတွေတက်တော့ တင်းကြပ်ခံရလို့ အိမ်စီးကားတွေဘက် လှည့်လာတာ” ဟု အသက် ၃၀ အရွယ် တောင်ကုတ် ဒေသခံအမျိုးသားတစ်ဦးက CJ Platform သို့ပြောသည်။

 

တောင်ကုတ်မြို့တွင်းရှိ ပုဂ္ဂလိကဘဏ်များတွင် ပုံမှန်ငွေထုတ်/ငွေသွင်းဝန်ဆောင်မှုအတွက် လိုသလောက်ပမာဏမရနိုင်သော်လည်း KPay ဖြင့် သတ်မှတ်ရာခိုင်နှုန်းပေး၍ ထုတ်ယူမည်ဆိုပါက လိုသလောက်ထုတ်ယူနိုင်ကြောင်း ယင်းဒေသခံများက ဆိုသည်။

 

ထို့ကြောင့် Kpay အကောင့်အတွင်းမှ ငွေသားထုတ်လိုပါက ပမာဏအလိုက် ဝန်ဆောင်ခ ၁ ဒသမ ၅ ကျပ်မှ ၃ ဒသမ ၅ ကျပ်အထိ ပေးဆောင်ရသည်။ ထိုဝန်ဆောင်မှုလုပ်ငန်းကို လုပ်ဆောင်နိုင်ရန် တောင်ကုတ်မြို့ရှိလုပ်ငန်းရှင်များက ပွဲစားများဖြင့် အခြားဒေသများမှ ငွေသား မှောင်ခိုသယ်ယူမှုများလုပ်ဆောင်နေခြင်းဖြစ်သည်ဟု CJ Platform သတင်းဌာနက စုံစမ်းသိရှိရသည်။

 

ပြီးခဲ့သည့်လပိုင်းက ငွေလွှဲဝန်ဆောင်ခအဖြစ် မည်သည့်ပမာဏထုတ်ထုတ် ၃ ဒသမ ၅ ရာခိုင်နှုန်း ပေးဆောင်နေခဲ့ရရာမှ ငွေသားမှောင်တင်သွင်းလာပြီးနောက် ပမာဏများစွာထုတ်သူများအနေဖြင့် ၁ ဒသမ ၅ ရာနှုန်းသာ ပေးဆောင်ရသည်အထိ ကျဆင်းသွားကြောင်း သိရသည်။

 

“ဒီလို Without ကားတွေနဲ့ ငွေတွေတင်တော့ သိန်းရာချီ၊ ထောင်ချီလည်း ထုတ်လို့ရသွားတယ်။ ငွေဈေးတွေ ကစားကြတာပေါ့လေ။ ကားလမ်းပေါက်တဲ့ ပြည်တို့၊ ရန်ကုန် ဘက်ကနေ ငွေတွေ တင်ပေးလိုက်တယ်။ ငွေလွှဲလုပ်သူတွေကတော့ အဆင်ပြေတာပေါ့။ အခု ဒီလမ်းကြောင်းအလုပ်ဖြစ်နေတော့ မှောင်ခိုသမားတွေအချင်းချင်းတောင် စားခွက်လုနေကြပြီ” ဟု အသက် ၅၀ အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက CJ Platform သို့ပြောသည်။

 

ကုန်သည်ပွဲစားများက ကုန်ကားများဖြင့်သာမက လိုင်စင်မဲ့ကားများအသုံးပြု၍ ရန်ကုန်နှင့် ပြည်မြို့တို့မှတစ်ဆင့် ဝင်ရောက်သည့် စားသောက်ကုန်နှင့်အတူ ငွေသားများကို ပြည်-တောင်ကုတ်လမ်းမကြီးပေါ်ရှိ ညောင်ဂျိုးဂိတ်(ဥသျှစ်ပင်) စစ်ဆေးရေးဂိတ်တွင် ပုံမှန်ဂိတ်ကြေးထက် ပိုမိုပေးဆောင်၍ သယ်ဆောင်နေသည့်အတွက် စစ်ဆေးမှုများမခံရကြောင်း သိရသည်။

 

ယခုကဲ့သို့ စစ်ဆေးရေးဂိတ်များရှိ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တပ်ပိုင်းဆိုင်ရာအရာရှိများ ပူးပေါင်းလုပ်စားမှုများအကြောင်း CJ Platform သတင်းဌာန၏ စုံစမ်းဖော်ထုတ်ရေးသားမှုများကြောင့် တပ်တွင်းပိုင်းတွင် တောင်ကုတ်ပြည်သူများက အတိုင်အတောထူ၍ ၎င်းတို့ ဝင်ငွေကောင်းနေသည့်လမ်းကြောင်းများ တင်းကြပ်ကာ အရနည်းသွားသည်ကို အောက်ခြေတပ်ဖွဲ့ဝင်များထံ အပြစ်ဖို့ ဆူပူကြိမ်းမောင်းမှုများ နေ့စဉ်ဆိုသလို ပြုလုပ်လျက်ရှိသည်ဟု တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရသည်။

 

ဓာတ်ပုံ – ပေးပို့