ထိုင်ဝမ်သမိုင်းတစ်လျှောက် အပြင်းဆုံးငလျင်လှုပ်ခတ်မှုကြောင့် လေးဦးထက်မနည်း သေဆုံး၊ ၇၀၀ ကျော်ဒဏ်ရာရပြီး ၇၇ ဦးထက်မနည်း ပိတ်မိနေ

Author လင်းနွေဦး
Categories
Published on Apr 03, 2024

ထိုင်ဝမ်နိုင်ငံအတွင်း ယနေ့ ဧပြီ ၃ ရက်နေ့ ထိုင်ဝမ်စံတော်ချိန် နံနက် ၈ နာရီဝန်းကျင်တွင် လှုပ်ခတ်ခဲ့သော ပြင်းအားမြင့် ငလျင်ကြောင့် လူလေးဦးထက်မနည်း သေဆုံးခဲ့သည့်အပြင် ၇၁၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် အဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ရုံမက လူ ၇၇ ဦး အဆောက်အအုံအပျက်အစီးများကြား ပိတ်မိနေနိုင်ကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြချက်အရ သိရသည်။

 

ရစ်ချ်တာစကေး ၇ ဒသမ ၄ ပြင်းအားရှိ ငလျင်ကြီးသည် ဟွာလျမ်(Hualien)မြို့အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့ပြီး ငလျင်ဒဏ်ကြောင့် ဟွာလျမ်မြို့ရှိ ငါးထပ် အဆောက်အအုံအပါအဝင် အခြားသောအဆောက်အအုံများနှင့် ကီးလောင်(Keelung)မြို့ရှိ နှစ် ၇၀ သက်တမ်းရှိ အဆောက်အအုံတစ်ခုနှင့် မြို့တော်တိုင်ပေရှိ အဆောက်အအုံများ ပြိုကျပျက်စီးခဲ့ရကြောင်း ABC သတင်းဌာနတွင် ဖော်ပြသည်။

 

ထိုင်ဝမ်အတွင်းရှိ အဝေးပြေးလမ်းမကြီးများ၏ နေရာ ၉ ခုအပါအဝင် လမ်းမကြီး ၁၁ ခုမှာလည်း ငလျင်ဒဏ်ကြောင့် အက်ကွဲပျက်စီးမှုများရှိခဲ့သည့်အတွက် မြေအောက်ရထားစနစ်နှင့် အဝေးပြေးလမ်းမသုံး ယာဉ်လိုင်းပြေးဆွဲများများ ရပ်တန့်ထားကြောင်း ထိုင်ဝမ်အဝေးပြေးယာဉ်လိုင်းဌာနက ဆိုသည်။

 

ပြင်းအားမြင့် ငလျင်လှုပ်ခတ်ပြီးနောက် ဟွာလျမ်မြို့မှ လေးဦးသေဆုံးကာ ၇၁၁ ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၇၇ ဦးမှာ အပျက်အစီးများကြား ပိတ်မိနေနိုင်သည်ဟု ထိုင်ဝမ် အမျိုးသား မီးသတ်အေဂျင်စီနှင့် အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများက အတည်ပြုပြောကြားသည်။

 

ယခုကဲ့သို့ ငလျင်လှုပ်ခတ်ခြင်းအပြင် ဂျပန်ကျွန်းစုနှင့် ထိုင်ဝမ်ကြား ဆူနာမီသုံးခု ဖြစ်ပေါ်ခဲ့သည့်အပြင် ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ဟွာလျမ်အနီး ထပ်မံ၍ ပြင်းအား ၆ ဒသမ ၅ ရစ်ချ်တာစကေးရှိ ငလျင်တစ်ခု နောက်ဆက်တွဲလှုပ်ခတ်ခဲ့သည်ဟု အမေရိကန် ပထဝီဝင်အချက်အလက်များ မှတ်တမ်းပြုစုရေး(U.S Geological Survey)က ဆိုသည်။

 

အသက်များဆုံးရှုံးကာ လူ ထောင်ချီနီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြင်းအား ၇ ဒသမ ၄ ရစ်ချ်တာ စကေးရှိ ငလျင်သည် ထိုင်ဝမ် ရာစုနှစ်များတလျောက် အကြီးဆုံးငလျင်ဖြစ်ကြောင်း နိုင်ငံတကာသတင်းဌာနများက ဖော်ပြသည်။

 

ဓာတ်ပုံ- The New York Times

Related News

Depend on news