ဖျာပုံထောင်ရှိ နိုင်/ကျဉ်းများ ထောင်ဖောက်ရန်ကြံစည်သည်ဟုစွပ်စွဲကာ ရိုက်နှက်၍ ၂၀ ဦး အပြင်းအထန်ဒဏ်ရာရ၊ ၈၀ ကျော်နှိပ်စက်ခံနေရဆဲဟု PPNM ဆို

Author လင်းနွေဦး
Categories
Published on Apr 03, 2024

ဧရာဝတီတိုင်း၊ ဖျာပုံအကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများကို ထောင်ဖောက်ရန်ကြံစည်သည်ဟု စွပ်စွဲကာ စစ်ကောင်စီတပ်သားနှင့် ရဲများက ဝိုင်းဝန်းရိုက်နှက်မှုကြောင့် နိုင်/ကျဉ်းများအပါအဝင် အကျဉ်းသား ၂၀ ဦးပြင်းထန်ဒဏ်ရာများရရှိခဲ့ပြီး အခြားအကျဉ်းသား ၈၀ ကျော်နှိပ်စက်ခံနေရစဲဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)၏ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက CJ Platform သို့ပြောသည်။

 

ယင်းထောင်တွင် ပြီးခဲ့သည့် မတ်လ(၃၁)ရက်က ထောင်တွင်းတန်းပိတ်ထားချိန် ပုဒ်မ(၅၄)ဖြင့် အမှုရင်ဆိုင်နေရသည့် နိုင်/ကျဉ်း ကိုနန်းလင်းအောင်ကို အကျဉ်းဦးစီးဝန်ထမ်း တပ်ကြပ်ကြီး ဌေးမြင့်က အကြောင်းပြချက်မရှိဘဲ ဝင်ရောက်ရိုက်နှက်ရာမှ တန်းပြန်ဖွင့်ချိန်တွင် ကျန်နိုင်/ကျဉ်းများက ထိုသို့ ဥပဒေမဲ့ ရိုက်နှက်ခွင့်မရှိကြောင်း တင်ပြရာကအစပြု၍ ပဋိပက္ခ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

ယင်းဖြစ်စဉ်အပေါ် ထောင်အာဏာပိုင်များက ကောင်းမွန်စွာဖြေရှင်းခြင်းမရှိဘဲ စစ်တပ်နှင့် ရဲများထံ ဖျာပုံ နိုင်/ကျဉ်းများနှင့် အခြားအကျဉ်းသားများပူးပေါင်းကာ ထောင်ဖောက်ရန် ကြံစည်သည်ဟု လုပ်ကြံ သတင်းပေးပို့ခဲ့ခြင်းကြောင့် မတ်လ ၃၁ ရက် ညနေပိုင်းတွင် စစ်ကောင်စီ တပ်သားများနှင့် ရဲများ ထောင်တွင်းသို့ သေနတ် ၁၀ ကြိမ်ထက်မနည်း ပစ်ဖောက်ဝင်ရောက်ကာ ဖြိုခွင်းရိုက်နှက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

“သူတို့(အကျဉ်းဦးစီး)ရဲ့ လက်သုံးစကား( နံရံတိုင်းမှာ နားတွေရှိတယ်)ဆိုသလို ကျွန်တော်တို့ဘက်မှာလည်း စိတ်ချယုံကြည်ရတဲ့ ဖရဲသီး မြေပြင်သတင်းရင်းမြစ်တွေရှိတယ်။ သူတို့ပြောသလို ထောင်ဖောက်ကြံစည်တာမျိုးလည်း မရှိတဲ့အကြောင်း တိကျခိုင်မာတဲ့ အထောက်အထားတွေရှိတယ်။ ဒါဟာ ဥပဒေပြင်ပ အကြမ်းဖက်ခြင်းမျိုးဖြစ်ပြီး လက်သင့်မခံနိုင်စရာပါ” ဟု PPNM မှ ကိုသိုက်ထွန်းဦးက CJ Platform သို့ပြောသည်။

 

မတ် (၃၁)ရက်ဖြစ်စဉ်အတွင်း ဒဏ်ရာရရှိထားသူ အကျည်းသားအရေအတွက်သည် (၁၇)ဦးအထိရှိကာ ဧပြီ (၂)ရက်တွင် ထပ်မံသတင်းရရှိမှုအရ  သုံးဦးထပ်တိုးလာခြင်းကြောင့် စုစုပေါင်း ၂၀ ဦးအထိဒဏ်ရာပြင်းထန်၍ အရေးပေါ် ဆေးဝါးကုသမှုများခံယူရန် လိုအပ်လျက်ရှိကြောင်း၊ လတ်တလော ရိုက်နှက်စစ်ဆေးမှုခံနေရသည့် နိုင်/ကျဉ်းများအပါအဝင် အကျဉ်းသားအရေအတွက်သည် ၈၀ ဦးကျော်အထိရှိနေသည်ဟု ကိုသိုက်ထွန်းဦးက ဆိုသည်။

 

“ဒီလို ရိုက်နှက်စစ်ဆေးတာမျိုးတွေကြောင့် နောက်ဆက်တွဲ ကိုယ်လက်အင်္ဂါတွေ  ထိခိုက်ကျိုးပဲ့တာ၊ အသက်အန္တရာယ်ဆုံးရှုံးမှုတွေ ရှိလာခဲ့ရင် ဒါဟာ အကျဉ်းဦးစီးဌာနတာဝန်ခံတွေနဲ့ တပ်ဖွဲ့ဝင်တွေ၊ ဝန်ထမ်းတွေမှာ တာဝန်ရှိပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့လည်း ထိရောက်တဲ့အရေးယူမှုတွေ အမြန်ဆုံး လုပ်ဆောင်ဖို့လိုအပ်ပါမယ်” ဟု ၎င်းက  ဖြည့်စွက်အသိပေး ပြောကြားသည်။

 

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖျာပုံအကျဉ်းထောင်နှင့်နီးစပ်သူတစ်ဦးကို CJ Platform က မေးမြန်းခဲ့ရာတွင် ဖြစ်စဉ်မှာ မှန်ကန်ကြောင်း၊ ထောင်ဖောက်သည့်အတွက် အကြမ်းဖက်ဖြိုခွင်းသည်ဟု သိရှိရပြီး တံခါးကြီးအနီးတွင် ရုန်းရင်းဆန်ခတ်ဖြစ်ကာ ရိုက်နှက်ကြခြင်းဖြစ်ကြောင်း၊ ထိုဖြစ်စဉ်အပြီးတွင် ပြင်ပသို့ သတင်းပေါက်မည်စိုးသည့်အတွက် ဖုံးကွယ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

” နိုင်ငံရေးအကျဉ်းသားတွေ ပါတယ်မပါဘူးတော့ မသိပါဘူး။ ပါချင်လည်း ပါမှာပေါ့။ တစ်ယောက်ပြီးတစ်ယောက် ထုတ်ရိုက်တယ်ဆိုတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်စဉ်မျိုးဖြစ်ရင် ဒီလိုပဲ မေးပြီးရိုက်နှက်တတ်နေတာပဲ။ ပါဝင်တယ်လို့ ဆက်စပ်သိသူတွေတော့ အရိုက်ခံရမှာပေါ့” ဟု အကျဉ်းထောင်နှင့် နီးစပ်သူ CJ Platform ၏သတင်းရင်းမြစ်က ပြောသည်။

 

ထိုသို့အကျဉ်းထောင်အတွင်း ရိုက်နှက်မှုဖြစ်စဉ်အပြီး ဧပြီ ၁ ရက်တွင် နိုင်/ကျဉ်းများဖြစ်သည့် ကိုအောင်အောင်ဦး၊ ကိုဗညားအောင်၊ ကိုဝေယံဦး၊ ကိုနန်းလင်းအောင်၊ ကိုရှိုင်းညီညီ၊ ဦးစိုး၊ ကိုသုတဈန်တို့အပြင် ဓားပြမှုဖြင့် အမိန့်ချခံထားရသည့် ကိုအောင်ကြီးတို့အပါအဝင် အကျဉ်းသား စုစုပေါင်း ၁၈ ဦးကို ထောင်စည်းကမ်းဥပဒေ ၂၂၄ ဖြင့် ထောင်ဒဏ် ၆ လစီကျခံရန် မြို့နယ်တရားသူကြီး ဒေါ်ဇင်မာလွင်က အမိန့်ချမှတ်ခဲ့ကြောင်း PPNM က ဖော်ပြသည်။

 

ထောင်ဒဏ် ၆ လ ချမှတ်ခံရသည့် အကျဉ်းသား (၁၈)ဦးအနက် သုံးဦးမှာလည်း အချုပ်ကျခံနေရသည့် အဆင့်တွင်သာ ရှိနေပြီး တရားခံဟု သတ်မှတ်နိုင်မည့် မည်သည့်ထောင်ဒဏ်မျှ ချမှတ်ခံထားရခြင်း မရှိသေးသူများဖြစ်ကြောင်း ကိုသိုက်ထွန်းထွန်းဦးက CJ Platform သို့ ပြောသည်။

 

ဓာတ်ပုံ- PPNM