စစ်ဘက်သုံး ကေဘယ်ကြိုးဖြတ်တောက်ခံရခြင်းကို လာပြင်သည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၁၁ဦးသေ

Author  Gold
Categories
Published on Apr 03, 2024

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ် ဝင်းသရက်ကျေးရွာ ချောင်းကမ်းပါးရှိ စစ်ဘက်ဆိုင်ရာသုံး ကေဘယ်ကြိုး ဖြတ်တောက်ခံရပြီးနောက် မတ် ၂ရက်တွင် စစ်ကောင်စီတပ်မှ လာရောက်ပြင်ဆင်ချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၁ဦးသေဆုံးခဲ့သည်ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့- အုတ်ဖို တာဝန်ခံက CJ Platformသို့ ပြောသည်။

 

ပြည်-ရန်ကုန် ဆက်သွယ်ထားသော စစ်ဘက်ဆိုင်ရာသုံး ဆက်သွယ်ရေးကေဘယ်ကြိုးကို ဧပြီ ၁ရက် ည ၁၁ နာရီခန့်တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ-အုတ်ဖိုက ဖြတ်တောက်ပြီးနောက် ထန်းပင်ကုန်းကျေးရွာမှ အင်အား ၃၀ ခန့်ဖြင့် ခြေလျင်တက်လာသော စစ်ကောင်စီတပ်ကို နံနက် ၉နာရီခန့်တွင် ပဒေသာမိုင်း ၁၀လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံးပြီး ခုနစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့သည်ဟု အုတ်ဖို တာဝန်ခံရဲဘော်ကိုအောင်က ပြောသည်။

 

“ဒီဖြစ်စဉ်ကို မြင်တဲ့ဒေသခံတွေ ပြောတာက ၁၁ကောင်တဲ့ အတိအကျပဲဗျ၊ အစက ၁၀ ကောင်သေတယ်လို့သိထားတာ အရင်ဒဏ်ရာရထားတဲ့‌ေ-ွးက လမ်းတင်သေတာထင်တယ် ကားပေါ် တင်တာ ၁၁ ကောင်တဲ့”ဟု ၎င်းရဲဘော်က ပြောသည်။

 

ထို့ပြင် စစ်ကောင်စီတပ်က မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဉ်အနီးရှိ ဝင်းသရက်ကျေးရွာဘက်သို့ နံနက် ၁၀နာရီခန့်တွင် ဗိုလ်ရုံစုဂိတ်ဘက်မှ ၁၂၀ မမဖြင့် ပစ်ခတ်ခဲ့သော်လည်း ကျည်ဖူးမပေါက်၍ ပေါက်ကွဲမှုမဖြစ်ပေါ်ခဲ့ကြောင်း ၎င်းဖြစ်စဉ်ကို မြင်တွေ့သူ ရဲဘော်တစ်ဦးက ပြောသည်။

 

“ကျနော်တို့ရှိတယ်အထင်နဲ့ ရွာထဲကိုလက်နက်ကြီးနဲ့ စစ်ကောင်စီဘက်ကပြန်ထုတယ်။ သူတို့လှမ်းထုတဲ့ ကျည်ဖူးကအကြီးကြီးပဲ။ တစ်သက်နဲ့တစ်ကိုယ် တခါမှမမြင်ဖူးဘူး။ အဲ့ကျည်ဖူးကြီးက မပေါက်ကွဲဘူး ” ဟု ၎င်းရဲဘော်က ပြောသည်။

 

တိုက်ခိုက်မှုအပြီး  စစ်ကောင်စီတပ်သည် သေဆုံးအလောင်းနှင့် ဒဏ်ရာရလူနာများကို ခမရ (၆) တိမ်မြုတ်တပ်ဘက်သို့ လူနာတင်ကား သုံးစီးဖြင့် သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည် မတ်လ ၂၇ ရက်ကလည်း အုတ်ဖိုမြို့ ထန်းပင်ကုန်းကျေးရွာနှင့် ကြယ်နီကုန်းကျေးရွာကြားရှိ ဗိုလ်ရုံစုစစ်ဆေးရေးဂိတ်ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၄ မြေအောက်ပျောက်ကျားတပ်ဖွဲ့-အုတ်ဖို လက်အောက်ရှိ ဘီလူးစစ်ကြောင်းက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ဆယ်ဦးသေဆုံးခဲ့သည်။

 

စစ်ကောင်စီတပ်သည် ထန်းပန်ကုန်းကျေးရွာ အနီးတစ်ဝိုက်ရှိလမ်းများကို ပိတ်ထားပြီး စစ်ဆေးရေးတင်းကျပ်စွာ လုပ်ဆောင်နေသည့် အတွက်ကြောင့် ထန်းပင်ကုန်ကျေးရွာ ဒေသခံများအနေဖြင့် ဆန်၊ဆီနှင့် စားသောက်ကုန်များ သွားလာဝယ်ယူရန် အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့အပြင် ဒေသခံများကို အိမ်မှာမနေဘဲ ထွက်ပြေးတိမ်းရှောင်ပါက အိမ်များကို ချိတ်ပိတ်မည်ဟုလည်း ခြိမ်းခြောက်ပြောဆိုမှုများရှိကြောင်း သိရသည်။